ရေရှားပါးမှုကြောင့် ထားဝယ်တွင် အဝီစိတွင်းတူးသူများလာ

0
2028

အလွန်ပူပြင်းသည့် နွေရာသီဥတုကြောင့် တနင်္သာရီတိုင်းတွင် သောက်သုံးရေရှားပါးမှု အခက်အခဲနှင့် ရင်ဆိုင်နေကြရပြီး အဝီစိတွင်းတူးကာ မြေ‌အောက်ရေထုတ်ယူသုံးစွဲမှုများလာကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်မြို့နှင့် အနီးအနားကျေးရွာများတွင် အဝီစိတွင်းတူးဝန်ဆောင်မှုပေးနေသည့် အဖွဲ့နှစ်ဖွဲ့ကို ဆက်သွယ် မေးမြန်းချက်အရ ယခုနှစ် နွေရာသီတွင် အဝီစိတွင်းပေါင်း ၆၀ ကျော် တူးဖော်ပေးထားပြီး ဖြစ်ကြောင်း ဆိုသည်။

နောက်ထပ်တူးဖော်ပေးရန် လက်ခံထားသည့် အဝီစိတွင်းလည်း ရှိသေးကြောင်း ၎င်းတို့က ပြောဆိုသည်။

“အဝီစိတွင်းတူးတဲ့သူကတော့ နှစ်တိုင်းထက်ပိုပိုများများလာတယ်။ ကျွန်တော်တို့ဆို သုံးလေးဆိုင်း (သုံးလေးဖွဲ့) ခွဲပြီး လိုက်တူးပေးနေရတယ်။ (ထားဝယ်မြို့နဲ့) အရမ်းဝေးတဲ့နေရာဆိုရင် မလိုက်တော့ဘူး။ တူးမယ့်သူ သုံးလေးငါးယောက် ရှိမှ လိုက်တာ။ တစ်တွင်း၊ နှစ်တွင်းပဲဆို ငြင်းလိုက်ရတယ်” ဟု ထားဝယ်မြို့ခံ အဝီစိတွင်းတူး ဝန်ဆောင်မှုပေးသူတစ်ဦးက ပြောသည်။

ထားဝယ်မြို့တွင် အဝီစိတွင်းတူးပေးသည့် ဝန်ဆောင်မှုလုပ်ကိုင်သည့်အဖွဲ့ အနည်းဆုံးဆယ်ဖွဲ့ခန့်ရှိပြီး အဖွဲ့တစ်ဖွဲ့လျှင် ဆယ်တွင်းမှ အများဆုံး တွင်းတစ်ရာအထိ တူးဖော်ပေးရလေ့ရှိကြောင်း ၎င်းက ဆိုသည်။

သာမန်ရေတွင်းတူးရန် အဆင်မပြေသူများ၊ ငွေကြေးတတ်နိုင်သူများသာ အဝီစိတွင်းတူးလေ့ရှိကြောင်း ၎င်းက ပြောဆိုသည်။

ထားဝယ်မြို့ပေါ်တွင် လက်ဖြင့် တူးဖော်ပေးရလေ့ရှိပြီး နယ်ကျေးရွာတို့တွင်မူ စက်ဖြင့်တူးဖော်ပေးရကြောင်း အဝီစိတွင်းတူးသူအချို့က ပြောသည်။

အဝီစိရေတွင်းတူးခြင်းသည် မြေအောက်ရေထုတ်ယူသုံးစွဲခြင်းတစ်မျိုးဖြစ်သည်။

မြေအောက်ရေ အလွန်အကျွံထုတ်ယူသုံးစွဲခြင်းသည် ‌ရေရှားပါးမှုကို ဖြေရှင်းသည့်နည်းလမ်းမဟုတ်ကြောင်း မြေအောက်ရေနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူတို့က ထောက်ပြပြောဆိုနေကြသည်။

“တနင်္သာရီတိုင်းက ပင်လယ်ဧရိယာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ‌မြေအောက်ရေတွေ မတရားထုတ်ယူသုံးစွဲရင် ရေငန်ဝင်လာမှာကို ကြောက်ရတယ်။ ရေငန်ဝင်လာရင်တော့ ပျက်စီးပြီ” ဟု ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

မြေအောက်ရေ ရေချိုအရင်းအမြစ်သည် အကန့်အသတ်ဖြင့်သာရှိပြီး အလွန်အကျွံထုတ်ယူသုံးစွဲပါက နောက်လာမည့် အနာဂတ်ကာလတွင် ရေချိုရှားပါးမှုပြဿနာများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ယင်းအတွက်ကြောင့် ထုတ်ယူသုံးစွဲပြီးသော မြေအောက်ရေကို ထပ်မံဖြည့်တင်းပေးရန်လိုအပ်ကြောင်း ကျွမ်းကျင်သူက ထောက်ပြပြောဆိုသည်။

“မြေအောက်ရေ ထုတ်သုံးမယ်ဆိုရင်တော့ ထုတ်သုံးတာနဲ့အမျှ ပြန်လည်ဖြည့်တင်းတာတော့ လုပ်ကြပါလို့ အဲဒါပြောချင်တယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်သား စာရေးဆရာလည်းဖြစ်၊ ရေပညာရှင်လည်းဖြစ်သည့် ဦးကျော်ဦးကလည်း မြေအောက်ရေအဝင်များလာ‌စေရန် လုပ်ဆောင်သင့်ကြောင်း ၂၀၂၀ ခုနှစ်ကပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် Dawei Watch သို့ ဖြေကြားခဲ့ဖူးသည်။

ရေပိတ်လွှာများဖြစ်သည့် ကွန်ကရစ်၊ ကတ္တရာများကို မလိုအပ်ဘဲ မခင်းကြရန် ၎င်းက အကြံပြုသည်။

သို့သော်ဒေသခံများမှာ အဝီစိတွင်းတူးပြီး မြေအောက်ရေထုတ်ယူသုံးစွဲခြင်းသာရှိပြီး ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို သိရှိသူအလွန်နည်းပါးနေဆဲဖြစ်ကြောင်း ထောက်ပြကြသည်။

အဝီစိတွင်းတူးကာ မြေအောက်ရေထုတ်ယူသုံးစွဲခြင်းကို ကန့်သတ်နိုင်ရန်အတွက်လည်း မြန်မာနိုင်ငံတွင် ဥပဒေ မရှိသေးကြောင်းလည်း ပညာရှင်တို့က ပြောဆိုကြသည်။