ထားဝယ်တွင် ယခုနှစ်အိမ်မိုးရာသီ ဝါးဈေးတက်

0
1985

ထားဝယ်မြို့၌ ယခုနှစ်အိမ်မိုးရာသီတွင် ဝါးဈေးတက်နေကြောင်း ဝါးရောင်းချသူအချို့ထံမှ သိရသည်။

ယမန်နှစ်က ဝါကြီးတစ်လုံးကို ရှစ်ရာကျပ်ဝန်းကျင်သာရှိရာ ယခုနှစ်တွင် ကျပ်နှစ်ရာ ဈေးတက်လာကာ တစ်ထောင်ကျပ်ဝန်းကျင်ဖြစ်လာကြောင်း ၎င်းတို့ထံမှ သိရသည်။

ဝါးလတ် တစ်လုံးလျှင်လည်း ယမန်နှစ်က ခြောက်ရာကျပ်ဈေးရှိရာမှ ယခုနှစ်တွင် ခုနစ်ရာကျပ် ဝန်းကျင် ဖြစ်လာကြောင်း ထားဝယ်မြို့ရှိ ဝါးအရောင်းဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

ခြင်ဝါး (ခေါ်) ဝါးငယ်တစ်လုံးကို ၃၅ဝကျပ်ဝန်းကျင်မှ ယခုနှစ်တွင် ၅၀ဝကျပ်ဝန်းကျင်ဖြစ်လာကြောင်း ၎င်းက ဆိုသည်။

“ရေလမ်းကသယ်ရင် စရိတ်နည်းတယ်။ ကုန်းလမ်းကသယ်ရင်တော့ စရိတ်ကြီးတယ်” ဟု ဝါးဆိုင်ရောင်းသူ အထက်ပါအမျိုးသမီးက ပြောဆိုသည်။

ယခုနှစ်နွေရာသီတွင် ထားဝယ်မြစ်ဖျားရှိ ရေကြောင်းမှာ ခန်းခြောက်လာသည့်အတွက် ဝါးကုန်သည်အများစုမှာ ကုန်းလမ်းကသာ အများဆုံးသယ်ယူနေရခြင်းဖြစ်ကြောင်း ဝါးရောင်းချသူတို့ထံမှ သိရသည်။

“ကုန်းလမ်းကသယ်တဲ့ဝါးက လတ်ဆတ်တယ်။ ရေလမ်းထက်အရောက်မြန်တယ်ပေါ့။ ဒါပေမဲ့ ကုန်ကျစရိတ် များတယ်” ဟု ဝါးအရောင်းဆိုင်ပိုင်ရှင် နောက်တစ်ဦးက ပြောသည်။

သို့သော် ဝါးအသုံးပြုသူအများစုကမူ ရေငန်စိမ်ဝါးကိုသာ ပိုကြိုက်လေ့ရှိကြကြောင်း ပြောဆိုကြသည်။

ရေငန်စိမ်ဝါးသည် အထားခံပြီး ပိုးမစားသည့်အတွက် ကုန်းလမ်းကသယ်ယူသည့် ဝါးစိမ်းထက် ဈေးအနည်းငယ်ပို့လေ့ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယခုနှစ်ထားဝယ်ဈေးကွက်တွင် ရေငန်စိမ်ဝါးကြီးတစ်လုံးကို ၁၂၀ဝကျန်ဝန်းကျင်နှင့် ကုန်းလမ်းက သယ်ယူသည့်ဝါးကြီး တစ်လုံးမှာ ၁၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထားဝယ်ဒေသတွင် ဝါးကို မိုးရာသီမရောက်မီ တန်ခူး၊ ကဆုန်လများတွင် အများဆုံးဝယ်ယူ၍ နေအိမ်အမိုးမိုးရန် အသုံးပြုကြသည်။

ယင်းအပြင် ဝါးဖြင့်ပြုလုပ်သည့် ထရံနှင့် ဝါးပရိဘောဂပစ္စည်းထုတ်လုပ်သူများလည်း အများဆုံးအသုံးပြုကြသည်။

ဝါးကုန်ကြမ်းကို တနင်္သာရီတိုင်းရှိ ကလိန်အောင်မြို့ဘက်က ဝါးတောင်သူများက အများဆုံးထုတ်လုပ် ရောင်းချကြသည်။

အဆိုပါဝါးကုန်ကြမ်းများကို ထားဝယ်မြို့ပေါ်ရောက်အောင် ပုံမှန်အားဖြစ် ရေလမ်းကုန်းလမ်းဖြင့် သယ်ယူ‌လေ့ရှိကြသည်။

သို့သော် ဧပြီလကုန်ပိုင်းကစပြီး ကလိန်အောင်မြို့အနီးရှိ ထားဝယ်မြစ်ဖျားပိုင်းတွင် မြစ်ရေခန်းခြောက်လာသည့် အတွက် ကုန်းလမ်းကသာ ကားဖြင့် သယ်ယူနေကြရကြောင်း ဝါးကုန်သည်များ၏ ပြောကြားချက်အရသိရသည်။