တရုတ်နှင့် တင်းမာမှုမြင့်နေသော်လည်း အမေရိကန်သမ္မတနှင့် ဖိလစ်ပိုင်ခေါင်းဆောင်တို့ တွေ့ဆုံမည်

0
2146

ထိုင်ဝမ် ကြောင့် တရုတ် နှင့် အမေရိကန် ၊ နှစ်နိုင်ငံအကြား ပိုမိုတင်းမာနေသည့်အချိန်တွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဖိလစ်ပိုင်သမ္မတ ဖာဒီနန်အာ – မားကို့စ်ဂျူနီယာ ကို မေလ ၁ ရက်နေ့တွင် အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံသွားမည် ဖြစ်သည်။

ဤတွေ့ဆုံမှုကို နှစ်နိုင်ငံကြား နွေးထွေးသော သံယောဇဉ် ပြယုဂ်အဖြစ် သတ်မှတ်ဆောင်ရွက်မည် ဖြစ်သည်။

ဘိုင်ဒင်သည် ဖိလစ်ပိုင်နိုင်ငံ၏ ကာကွယ်ရေးအတွက် အမေရိကန်၏ သံမဏိပမာ မြဲမြံသော ကတိကဝတ်ကို ထပ်မံအတည်ပြုသည့်အနေနှင့် ယခုလို လက်ခံတွေ့ဆုံမည် ဖြစ်သည်။

ယင်းတွေ့ဆုံမှုတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များသည် ကာလရှည်ကြာ အမေရိကန်-ဖိလစ်ပိုင် မဟာမိတ်ဖွဲ့မှုကို အားကောင်းစေမည့် ကြိုးပမ်းမှုများကို ဆွေးနွေးမည်ဖြစ်ကြောင်း အိမ်ဖြူတော် ၏ ပြန်ကြားရေးအတွင်းဝန် ကာရင်းယွန်ပီးယား (Karine Jean-Pierre) က ပြောကြားခဲ့သည်။

ဒေသတွင်း အထူးသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းဖြစ်သည့် ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက် ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုရင်း တရုတ်၏ ကြီးထွားလာနေသည့် ချဲ့ထွင်မှု နှင့်အတူ အငြင်းပွားနေသော ဧရိယာ ဖြစ်သည့် တောင်တရုတ်ပင်လယ်တွင် အမေရိကန်-ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှုအပြီး တစ်ပတ် အကြာတွင် အိမ်ဖြူတော်က ယခုလို ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန် နှင့် ဖိလစ်ပိုင်နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးများသည် လွန်ခဲ့သည့် ရက်သတ္တပတ်က ဝါရှင်တန်တွင် ကျင်းပခဲ့သည့် အဆင့်မြင့် ထိပ်သီးအစည်းအဝေးတစ်ခုတွင် တွေ့ဆုံခဲ့သည်။

ထိုင်ဝမ်အပေါ် ပိတ်ဆို့ခြင်းနှင့် ပစ်မှတ်ထားတိုက်ခိုက်မှုများကို ပုံဖော်ထားသည့် တောင်တရုတ်ပင်လယ်တွင်း တရုတ်နိုင်ငံ၏ သုံးရက်ကြာ စစ်ရေးပြလေ့ကျင့်မှုကို အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် က “တိုးမြင့်လာသော အကျပ်ကိုင်မှုနှင့် အန္တရာယ်ရှိသော စစ်ဆင်ရေးဆိုင်ရာ အပြုအမူများ” ဟုဆိုကာ သတိပေးခဲ့သည်။

ဘိုင်ဒင် နှင့် မားကို့စ် တို့သည် ၎င်းတို့၏ တွေ့ဆုံမှုတွင်း စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ သန့်ရှင်းသော စွမ်းအင်နှင့် လူ့အခွင့်အရေးဆိုင်ရာ လေးစားလိုက်နာမှု အပါအဝင် အခြားသောကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ခေါင်းဆောင်နှစ်ဦးသည် ဒေသတွင်း ကိစ္စရပ်များကို ဆွေးနွေးပြီး နိုင်ငံတကာဥပဒေများကို မြှင့်တင်ရန်နှင့် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို မြှင့်တင်ရန် ကြိုးပမ်းမှုများတွင် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

EDCA (Enhanced Defense Cooperation Agreement) ဟုသိကြသော ၂၀၁၄ခုနှစ် ၊ တိုးမြှင့်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူ စာချုပ်အောက်တွင် သဘောတူညီထားသည့် အချက်ငါးချက်အပြင် အမေရိကန် စစ်တပ်များကို ဝင်ရောက်အသုံးပြုခွင့် ပြုမည့် နောက်ထပ် စစ်အခြေစိုက်စခန်းလေးခု၏ တည်နေရာများကို ဖိလစ်ပိုင်အစိုးရက ကြေညာခဲ့သည်။

အဆိုပါသဘောတူညီချက်အရ သတ်မှတ်ထားသည့် ဖိလစ်ပိုင်၏ စစ်အခြေစိုက်စခန်းများတွင်း အမေရိကန်တပ်ဖွဲ့ဝင်များ လှည့်ပတ်သွားလာနိုင်ပြီး ကာကွယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို သိမ်းဆည်းနိုင်မည်ဖြစ်သည်။

ဤကဲ့သို့ တိုးချဲ့စစ်ရေး သဘောတူညီချက်သည် ဒေသတွင်း ငြိမ်းချမ်းရေးကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု တရုတ်က ပြီးခဲ့သည့် သီတင်းပတ်တွင် သတိပေးခဲ့သည်။

ထပ်တိုး ကြေညာထားသည့် ဖိလစ်ပိုင် အခြေစိုက်စခန်း လေးခုတွင် နယ်မြေအရ အပြင်းအထန် အငြင်းပွားနေသော တောင်တရုတ်ပင်လယ်အနီး အပြင် ထိုင်ဝမ်နှင့် မဝေးသော နေရာများ ပါဝင်သည်။

တိုးချဲ့စစ်ရေးသဘောတူချက်အပေါ် တရုတ်၏တုံ့ပြန်မှုသည် အံ့သြစရာမဟုတ်သော်လည်း ဖိလစ်ပိုင်သည် ၎င်း၏ပိုင်နက်ကာကွယ်ရေးကို တွန်းလှန်နေရုံ သက်သက်သာ ဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတ မားကို့စ်က ပြောကြားခဲ့သည်။

“ထိပါးနစ်နာစေမယ့် လုပ်ရပ်တွေကို လုပ်ဆောင်ဖို့ရာ ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းတွေကို အသုံးပြုခွင့် ပေးထားတာ မဟုတ်ပါဘူး။ ဒီအပြုအမူက ဖိလစ်ပိုင်ကို အကူအညီလိုတဲ့အခါတိုင်း ကူညီဖို့ပဲ ရည်ရွယ်တာပါ” ဟု မားကို့စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဘယ်သူမှ လာမတိုက်ခိုက်သရွေ့ ကျွန်ုပ်တို့ကလည်း သူတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူးဆိုတော့ စိုးရိမ်စရာ မလိုပါဘူး”

တရုတ်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို လိုလားသော သမ္မတဟောင်း ရိုဒီရီဂို ဒူတာတေး လက်ထက်တွင် အမေရိကန်-ဖိလစ်ပိုင် ဆက်ဆံရေးမှာ ရပ်တန့်နေခဲ့သည်။

သို့သော် ပြီးခဲ့သည့် ဇွန်လတွင် ဒူတာတေး နေရာကို ဆက်ခံခဲ့သော လက်ရှိ သမ္မတ မားကို့စ် သည် အမေရိကန်နှင့် ပိုမိုရင်းနှီးသော နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကျင့်သုံးနေသည်။

Reference ● Thai PBS World