အိန္ဒိယတွင် ပြင်းထန်လှသည့် အပူရှိန်ကိုပြသရန် နေအပူဖြင့် ကြက်ဥကြော်ပြ

0
2330

လက်ရှိ အာရှနိုင်ငံအချို့တွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် နေ့အပူချိန် လွန်စွာ မြင့်တက်လျက်ရှိသည်။

ယင်းသို့ မြင့်တက်နေသည့် အပူချိန်သည် မီးမလိုပဲ ကြက်ဥကို သေချာကြော်နိုင်သည့်အထိ လုံလောက်သော အပူရှိန် ရှိနေကြောင်း ကို အိန္ဒိယနိုင်ငံ ၊ အနောက်ဘင်္ဂလားပြည်နယ် မှ အမျိုးသားတစ်ဦးက သက်သေပြခဲ့သည်။

အင်မတန်ပြင်းထန်လှသည့် အပူလှိုင်းကြောင့် အနောက်ဘင်္ဂလားပြည်နယ်အစိုးရမှ ကျောင်းများ၊ ကောလိပ်များနှင့် တက္ကသိုလ်များကို ပိတ်လိုက်ပြီဖြစ်ကြောင်း ကြေညာမှုအပြီး ၊ ဧပြီလ ၉ ရက်နေ့က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် “Puchu Babu”အမည်ရ အကောင့်သည် ၎င်း၏ ဝရန်တာ လက်ရန်းပေါ်တွင် အမည်းရောင် မကပ်ဒယ်အိုးကို တင်ကာ ကြက်ဥတစ်လုံးကို နေပူရှိန်ဖြင့် ကြော်ပြနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

ပြင်းထန်လှသည့် အပူချိန်ကြောင့် မီးဖိုမရှိသည့်တိုင် ကြက်ဥကို မွှေကြော်ကဲ့သို့ သမအောင် မိနစ်ပိုင်းအတွင်း ချက်ပြုတ်နိုင်ခဲ့ကြောင်း ပြသခဲ့သည့် လေးမိနစ်နီးပါးကြာ အဆိုပါ ဗီဒီယိုသည် ဖေ့စ်ဘွတ်ခ် ပေါ်တွင် ကြည့်ရှုသူ ၂ ဒသမ ၁ သန်းကျော်ရှိခဲ့ပြီးဖြစ်သည်။

အိန္ဒိယနိုင်ငံတစ်ဝှမ်းရှိ အခြားပြည်နယ်အများအပြားနည်းတူ အဆိုပါ အနောက် ဘင်္ဂလားပြည်နယ် တွင်း နေ့အပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်ခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

နိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ ထရီပူရနှင့် အရှေ့ဘက်ရှိ အနောက်ဘင်္ဂလားပြည်နယ်တို့အပါအဝင် ပြည်နယ်အချို့တွင် နေ့အပူချိန်များသည် ပုံမှန်ထက် ၅ဒီဂရီစင်တီဂရိတ်ကျော် ပိုမို မြင့်တက်လာ သောကြောင့် စာသင်ကျောင်းများကို ယခုသီတင်းပတ်မှစတင်ကာ ပိတ်ထားရန် ပြည်နယ်အစိုးရများက ကြေညာခဲ့ကြသည်။

အနောက်ဘင်္ဂလားပြည်နယ်ဝန်ကြီးချုပ် မာမာတာ ဘန်နာဂျီး က ယင်းပြင်းထန်သော အပူလှိုင်းအခြေအနေကြောင့် ပြည်နယ်အတွင်းရှိ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို စနေနေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဧပြီလ ၁၉ရက်နေ့ တွင် အိန္ဒိယနိုင်ငံမိုးလေဝသဌာနသည် ဟာယန ၊ ဥဿပရာဒက်ရှ် ၊ ဘီဟာ နှင့် အိုဒီရှာ ပြည်နယ်များအပါအဝင် နိုင်ငံတွင်း ဒေသအများအပြားအတွက် အပူလှိုင်းအခြေအနေ သတိပေးချက်များကို ထုတ်ပြန်ခဲ့သည်။

အာရှနိုင်ငံအများအပြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ယင်း ပြင်းထန်အပူလှိုင်းကြောင့် အိန္ဒိယနိုင်ငံတွင် လူသေဆုံးမှုများနှင့် ကျောင်းပိတ်မှုများ ဖြစ်ပေါ်စေခဲ့ကာ တရုတ်နိုင်ငံတွင် အပူချိန်စံချိန်တင်ခဲ့သည်။

ရာသီဥတုဗေဒပညာရှင်နှင့် မိုးလေဝသသမိုင်းပညာရှင် မက်စီမီလီယန်နို ဟာရယ်ရာ က ဤကဲ့သို့ ပုံမှန်မဟုတ်သော အပူချိန်ကို အာရှသမိုင်းတွင် အဆိုးရွားဆုံး ဧပြီလ အပူလှိုင်းအဖြစ် ဖော်ပြခဲ့သည်။

လာအိုနိုင်ငံ၊ လွမ်ပရာဘန်း အပါအဝင် အရှေ့တောင် အာရှဒေသတွင်လည်း ပုံမှန်မဟုတ်သော ပူပြင်းသည့် အပူချိန်သည် ယခုသီတင်းပတ်အတွင်း စံချိန်တင် ၄၂.၇ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ပြီး ၎င်းကြုံခဲ့သမျှအနက် အမြင့်ဆုံးအပူချိန်ဖြစ်ကြောင်း ဟာရယ်ရာ က ဆိုသည်။

မြန်မာနိုင်ငံမှာလည်း ဒေသအများစုတွင် အပူချိန်မြင့်တက်နေပြီး စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်း ကလေးဝတွင် ဧပြီလ ၁၇ရက်နေ့ တိုင်းတာချက်အရ အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ် (၁၁၁ ဒီဂရီဖာရင်ဟိုက်) အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

တောင်အာရှနှင့် အရှေ့တောင်အာရှဒေသများအတွက် နှစ်စဉ် ဧပြီလနှင့် မေလသည် အပူဆုံးလများဖြစ်သည်။ ယင်းအပူဒဏ်သည် မုတ်သုံမိုးစတင်မှသာ သက်သာလေ့ရှိသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဧပြီလ ၁၆ရက်နေ့က ပျှမ်းမျှနေ့အပူချိန်သည် ၄၄.၆ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိခဲ့ပြီး ယင်းညွှန်းကိန်းသည် ၂၀၁၆ခုနှစ် ၊ ဧပြီလ ၂၈ရက်နေ့တွင် မယ်ဟောင်ဆောင်ဒေသတွင်း အင်မတန်ပူပြင်းခဲ့စဉ်က ရောက်ရှိခဲ့သည့် ယခင်စံချိန်နှင့် ကိုက်ညီခဲ့ကြောင်း မိုးလေဝသဌာနမှ ထုတ်ပြန်ခဲ့သည်။ ထို့ပြင် နေ့အပူချိန်သည် ယခုသီတင်းပတ်အတွင်း ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

သို့သော် ထိုင်းနိုင်ငံသည် လေထုညစ်ညမ်းမှုအဆင့်ကို မြင့်တက်သည်အထိ ပြင်းထန်နေသော မီးခိုးမြူရာသီကို ပူပြင်းလှသည့် နေ့အပူချိန်နှင့်အတူ ပူးတွဲဖြတ်သန်းနေရသည်။

Reference The Straits Times , The Guardian