သင်္ကြန်အပြီး ထားဝယ်တွင် ဆိုင်ကယ်စစ်ဆေးဖမ်းဆီးမှုပြန်တင်းကျပ်

0
2168

ထားဝယ်မြို့ပေါ်၌ သင်္ကြန်ကာလတွင် ဆိုင်ကယ်စစ်ဆေးဖမ်းဆီးမှုများ မရှိခဲ့သော်လည်း သင်္ကြန်ကာလကျော်သည်နှင့် ပုံမှန်အတိုင်းပြန်လည်စစ်ဆေးတင်းကျပ်လာကြောင်း မြို့ခံအချို့က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့တွင် ဆိုင်ကယ်ဦးထုပ် မဆောင်းသူများ၊ ယာဉ်မောင်းလိုင်စင်ကဲ့သို့သော အထောက်အထားစာရွက်စာတမ်းမရှိဘဲ ‌‌မော်တော်ယာဉ်မောင်းနှင်ခြင်းတို့ကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးခဲ့သည်။

ယင်းအပြင် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်းအတူမစီးရ၊ အမျိုးသမီးနောက်တွင် အမျိုးသားလိုက်ပါ မစီးနင်းရ စသည့် မော်တော်ယာဉ် ဥပဒေတွင်မပါသည့် စည်းကမ်းအချို့ကိုလည်း ထုတ်ပြန်ခဲ့သည်။

ယာဉ်ထိန်းရဲများသာမကဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကပါ မြို့အတွင်းလှည့်ပတ်သွားလာက စစ်ဆေးတင်းကျပ်နေပြီး တစ်ခါတရံ ပစ်ခတ်ဖမ်းဆီးခြင်းပင် ပြုလုပ်လေ့ရှိသည်။

သင်္ကြန်ကာလတွင်မူ ‌မော်တော်ဆိုင်ကယ်နှင့်ပတ်သက်ပြီး စစ်ဆေးမှု မပြုလုပ်တော့ကြောင်း မြို့ခံအချို့က ပြောသည်။

သင်္ကြန်အတွင်း ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ မြို့ထဲဆိုင်ကယ်မောင်းနှင်နေသူများကို တွေ့ရပြီး သင်္ကြန်မဏ္ဍပ်သို့လည်း အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးပြီး ရေပက်ခံနေသည်ကိုတွေ့ရကြောင်း မြို့ခံအချို့က ဆိုသည်။

“မဏ္ဍပ်ရှေ့မှာ မော်တော်ပီကယ်ရှေ့မှာ ကိုယ်တိုင်ပဲ စီးနေကြတာ။ ဘာမှ မလုပ်ဘူး (မဖမ်းဘူး) ။ ယောင်္ကျားနှစ်ယောက် စီးတာလည်းရှိတယ်။ တင်လို့ရသလောက်တင်ပြီး စီးနေတာလည်းရှိတယ်” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ မြို့ခံတစ်ဦးက ပြောဆိုသည်။

Dawei Watch အနေဖြင့်လည်း သင်္ကြန်မှတ်တမ်းဓာတ်ပုံများ လိုက်လံရိုက်ကူးစဉ် ဆိုင်ကယ်ဦးထုပ်မပါဘဲ မောင်းနှင်နေသူများ၊ အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်း အတူစီးနင်းနေသူအချို့တို့ကို တွေ့ရှိခဲ့ရသည်။

“အရင်တုန်းကဆိုရင် မြို့ထဲမှာ လှည့်ပတ်ပြီး လိုက်ဖမ်းနေကြတာ။ အခု (သင်္ကြန်ကာလ) မှာတော့ တစ်ယောက်မှ မတွေ့ရဘူး။ မဏ္ဍပ်မှာ လုံခြုံ‌ရေးယူပေးနေတာပဲ တွေ့ရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

သင်္ကြန်အတက်နေ့ရောက်မှ မြို့အဝင်အထွက်ဂိတ်အချို့တွင် စစ်ဆေးမှု အနည်းငယ်တင်းကျပ်နေသည်ကို တွေ့ရသည်ဟု ဆိုသည်။

သင်္ကြန်အလွန် နှစ်ဆန်း ၁ ရက်မှစပြီး စစ်ကောင်စီတပ်နှင့် ယာဉ်ထိန်းရဲတို့က သင်္ကြန်မတိုင်ခင်က ပုံစံအတိုင်း မြို့ထဲတွင် ကားဖြင့်လှည့်ပတ်သွားလာပြီး ပြန်လည်စစ်ဆေးတင်းကျပ်နေကြောင်း မြို့ခံအချို့ကဆိုသည်။

“ဥပဒေဆိုတာကြီးက သူတို့ပြောတဲ့အတိုင်းဖြစ်နေတော့ လုပ်ချင်သလို လုပ်နေကြတယ်လို့ပဲမြင်တယ်” မြို့ခံလူငယ်တစ်ဦးက ဝေဖန်သည်။

ထားဝယ်ဒေသအပါအဝင် တနင်္သာရီတိုင်းသည် ခရီးသွားလာရေးအတွက် ဆိုင်ကယ်ကို အဓိကအသုံးပြုကြရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်စီးနင်းခွင့်နှင့်ပတ်သတ်ပြီး တင်းကျပ်လိုက်သဖြင့် ဒေသခံအချို့မှာ ဆိုင်ကယ်မစီးရဲကြတော့ပေ။

ယင်းအစား မြို့ခံအချို့နှင့် မြို့အနီးနေသူအချို့က ဆိုင်ကယ်အစား စက်ဘီးပြောင်းစီးလာကြပြီး နယ်ဒေသခံတို့မှာ သုံးဘီးဆိုင်ကယ်စီးလုံးဖြတ်ငှားရမ်းပြီး မြို့ပေါ်သွားလာနေကြရသည်။