မြန်မာလက်ဝှေ့မယ် ဘရော်နီကာ အီတလီတွင် စိန်ခေါ်ပွဲထိုးသတ်ရန် စတင်ထွက်ခွာ

0
4150
Photos - Vero Nika

မွေထိုင်းစိန်ခေါ်ပွဲ ၁၀ ပွဲဆက်တိုက် အနိုင်ရယူကာ မှတ်တမ်းကောင်းတစ်ရပ် ပိုင်ဆိုင်ထားသည့် မြန်မာ့လက်ဝှေ့မယ် ဘရော်နီကာသည် ၎င်း၏မွေထိုင်းပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဖြတ်သန်းမှုတလျှောက် ၁၂ ပွဲမြောက် စိန်ခေါ်ပွဲ ထိုးသတ်ရန်အတွက် အီတလီနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရှိရသည်။

ဘရော်နီကာသည် မြန်မာ့လက်ဝှေ့နှင့် မွေထိုင်း နှစ်ခုလုံးကို မှတ်တမ်းကောင်းများဖြင့် ဖြတ်သန်းထားနိုင်သူဖြစ်ပြီး မွေထိုင်းဘက်သို့ ကူးပြောင်းပြီးနောက်တွင် ပွဲဦးထွက်ပွဲစဉ်သာ ရှုံးနိမ့်၍ ကျန် ၁၀ ပွဲဆက်တိုက်ကို အနိုင်ထိုးသတ်နိုင်ခဲ့သူဖြစ်သည်။

ကယန်းကျားသစ် ဟု ချစ်စနိုးခေါ်ဝေါ်ခံရသည့် ဘရော်နီကာ သည် လာမည့်ဧပြီလ ၂၂ ရက်နေ့တွင် အီတလီနိုင်ငံ၊ ရောမမြို့၌ အီတလီလက်ဝှေ့မယ် အက်စ်တာ ဗွိုင်အိုလာနှင့် စိန်ခေါ်ပွဲ ထိုးသတ်သွားလိမ့်မည်ဖြစ်ပြီး ယခုပွဲစဉ်မှာ ၅၃ ကီလိုတန်းပွဲစဉ်ဖြစ်လာလိမ့်မည်ဟု သိရသည်။

ဘရော်နီကာ သည် မြန်မာ့လက်ဝှေ့နည်းစနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ရသော ပွဲစဉ် ၁၉ ပွဲ၌လည်း ၉ ပွဲနိုင်၊ ၈ ပွဲသရေရလဒ်ကို ရယူကာ တစ်ပွဲတည်းသာ ရှုံးနိမ့်ထားပြီး ယခုယှဉ်ပြိုင်ထိုးသတ်မည့် ဘရော်နီကာနှင့် ဗွိုင်အိုလာတို့၏ပွဲစဉ်မှာ မွေထိုင်းထိုးသတ်နည်းစနစ်ဖြင့် ယှဉ်ပြိုင်ရမည့်ပွဲစဉ်ဖြစ်သည်။

ဘရော်နီကာ သည် ဗွိုင်အိုလာနှင့်ယှဉ်ပြိုင်ထိုးသတ်ရမည့် ဧပြီလ ၂၂ ရက်နေ့ စိန်ခေါ်ပွဲစဉ်အတွက် ပြိုင်ပွဲကျင်းပမည့် အီတလီနိုင်ငံသို့ ထွက်ခွာသွားရောက်ပြီဖြစ်ကြောင်းကို သူမ၏ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ဓာတ်ပုံများ လွှင့်တင်ဖော်ပြကာ အသိပေးထားပြီလည်းဖြစ်သည်။