မလေးရှားဆယ်ကျော်သက်တစ်ဦး ခွေးကိုရိုက်နှက်မီးရှို့ခဲ့မှုအတွက် အပြစ်ရှိကြောင်း တရားရုံးတွင်ဝန်ခံ

0
2063

ပြီးခဲ့သည့် မတ်လအတွင်းက ခွေးကို ရိုက်နှက် ၊ မီးရှို့ခဲ့သည့် အသက် ၁၈ နှစ်အရွယ် မလေးရှားကျောင်းသားက တိရိစ္ဆာန်အလွဲသုံးစားလုပ်မှုအတွက် အပြစ်ရှိကြောင်း ဂျိုဟိုးဘာရူးတရားရုံးတွင် ဝန်ခံလိုက်ပြီ ဖြစ်သည်။

အဆိုပါ ကျောင်းသား ဘရက်ဒန် ယပ်ဟုန်ရှန်က ဧပြီ ၁၂ရက်နေ့တွင် တရားသူကြီး ရှေ့မှောက်တွင် ၎င်းအပေါ် စွဲချက်ကို အပြစ်ရှိကြောင်း ဝန်ခံလိုက်ပြီး အသနားခံခဲ့သည်။

စွဲချက်အရ ယပ်သည် အညိုရောင် ခွေးအမ တစ်ကောင်ကို ရိုက်နှက်ပြီး မီးတင်ရှို့ခြင်းဖြင့် မချိမဆံ့ နာကျင်စေခဲ့ကြောင်း သိရသည်။

မတ်လ ၂၇ ရက်နေ့၊ နံနက် ၁ နာရီ ၄၉ မိနစ်တွင် ဂျိုဟိုးရှိ အဆောက်အအုံတစ်ခုရှေ့၌ ခွေးကိုရိုက်နှက် မီးရှို့ခဲ့ခြင်းဖြစ်သည်။

ဤဖြစ်စဉ်သည် မလေးရှားနိုင်ငံ၏ တိရစ္ဆာန်များ ဘေးကင်းလုံခြုံရေး အက်ဥပဒေ ၊ ပုဒ်မ ၂၉(၁)(င) အရ ပြစ်မှုထင်ရှားပါက ငွေဒဏ်အဖြစ် မလေးရှား ရင်းဂစ် ၂၀၀၀၀ (စင်ကာပူဒေါ်လာ ၆၀၀၀) မှ ရင်းဂစ် ၁၀၀၀၀၀ ၊ သို့မဟုတ် သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

အဆိုပါတရားစွဲဆိုမှုကို တိရစ္ဆာန်ဆေးကုဝန်ဆောင်မှုဌာနမှ စုံစမ်းစစ်ဆေးရေးအရာရှိက တရားရုံးသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယပ် ၏ အဆိုပါ လုပ်ရပ်များကို စောင့်ကြည့်ကင်မရာမှတစ်ဆင့် ဖမ်းယူထားသည့် ဖိုင် ပျံ့နှံ့ခဲ့ပြီးနောက် ဆိုရှယ်မီဒီယာတွင် ဝေဖန်မှုများစွာ မြင့်တက်ခဲ့သည်။

နောက်ပိုင်းတွင် ယပ်သည် ၎င်း၏အပြုအမူအတွက် တောင်းပန်ခဲ့ပြီး ဒုတိယအကြိမ် အခွင့်အရေးပေးရန် လူထုအား အသနားခံခဲ့သည်။

Reference ● The Star ● The Straits Times