ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်များနေအိမ် စစ်တပ်ဝင်ရောက်ရှာဖွေ၊ ပစ္စည်းများယူဆောင်ခံရ

0
2337

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်များနေထိုင်သည့် နေအိမ်ကို စစ်ကောင်စီ စစ်တပ်က ဝင်ရောက်ရှာဖွေခဲ့ပြီး ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း၊ သိမ်းယူသွားခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံအချို့နှင့် ထားဝယ်ခရိုင်သပိတ်ကော်မတီထံက သိရသည်။

မတ်လ ၁၇ ရက်နေ့က ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်များ နေထိုင်သည့် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး သပိတ်စစ်ကြောင်းတွင် အသုံးပြုသည့် ဘန်နာများ၊ အလံများ၊ ပရင်တာတစ်လုံး၊ လက်တောပ့် ၂ လုံး၊ မိတ္တူကူးစက်ငယ်တစ်လုံးနှင့် ဆိုင်ကယ်တစ်စီး သိမ်းဆည်းခံခဲ့ရသည်ဟု ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီ တာဝန်ခံ ကိုမင်းလွင်ဦးက ပြောသည်။

“ကျွန်တော်တို့ရဲဘော်တွေနေတဲ့ အိမ်ပဲ၊ ကျွန်တော်တို့မှာက ပွင့်ပွင့်လင်းလင်းပြောရရင် ဘာလက်နက်မှလည်း မရှိဘူးလေ၊ လက်နက်ကိုင်တပ်ဖွဲ့လည်း မဟုတ်ဘူးဆိုတော့ အဲ့ဒါကြောင့်ပဲ အိမ်ကိုမီးမရှို့ဘဲနဲ့ ထားခဲ့တယ်လို့ထင်တယ်။ ကျွန်တော်တို့ သပိတ်မှာသုံးနေတဲ့ ဘန်နာတွေဘာတွေကတော့ အကုန်လုံးမီးရှို့ပစ်ခဲ့တယ်။ သုံးရတာတွေကတော့ အကုန်လုံးယူသွားတာပေါ့”ဟု ကိုမင်းလွင်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် မတ်လ ၁၇ ရက်နေ့မှစတင်ကာ လောင်းလုံးသပိတ်စစ်ကြောင်း မထွက်နိုင်ဘဲ စစ်ကြောင်းနားထားရသည်ဟု ၎င်းကပြောသည်။

ယင်းသို့ပင် လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာအနီးက PDF စခန်းတစ်ခု မတ်လ ၁၇ ရက်နေ့က အသိမ်းခံခဲ့ရသည်။

စခန်းသိမ်းခံရသည့် PDF စခန်းမှာ NUG လက်အောက်ခံ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖလက်အောက်ခံ တပ်ဖွဲ့တစ်ခုဖြစ်သည့် ဝံပုလွေ ပြည်သူ့ကာကွယ်ရေးစခန်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်က မတ်လ ၁၇ ရက်နေ့တွင် ကဒက်ကြီးရွာနှင့် ကဒက်ငယ်ထိန်ရွာဘက်ကို တောနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် PDF စခန်းအသိမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ယင်းအနီးနေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“PDF တွေကတော့ ဖမ်းမိတာမရှိဘူး၊ သုံးမရတဲ့ လက်လုပ်သေနတ်အချို့တော့ ပါသွားနိုင်တယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။

တဲငါးဆောင်ခန့်ရှိသည့် PDF စခန်းကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့သည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက လောင်းလုံးမြို့နယ်ကို ယခုလဆန်းမှ စတင်ကာ စစ်ကြောင်းထိုးနေပြီး မတ်လ ၂၁ ရက်အထိ ညောပြင်ရွာတွင် အိမ်ခြေ ၄၀ ခန့်၊ အောက်ကျောက်ဝပ်ရွာတွင် အိမ်ခြေ ၉၀ ကျော် ခန့်မီးရှို့ခံခဲ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် လောင်းလုံးမြို့နယ်၊ ကဒက်ကြီး၊ ကဒက်ငယ်ထိန်၊ အောက်ကျောက်ဝပ်၊ ကျောက်ဝပ်ပြင်၊ ညောပြင်၊ သကျက်တော၊ ကျောက်မတ်တပ်၊ ပညစ်၊ ပြင်းထိန်၊ စမ်းလှမ်း၊ တီဇစ်၊ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီ စသည့်ကျေးရွာများကို စစ်ကြောင်းထိုးကာ ရွာထဲရှိနေအိမ်များကို ဝင်ရောက်ရှာဖွေခြင်း၊ လူများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ PDF စခန်းများကို တောနင်းရှာဖွေခြင်းများ လုပ်ဆောင်လျက်ရှိသည်။