တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
2343

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၁၂ ရက်နေ့ မှ မတ်လ ၁၈ ရက်နေ့အထိ

မြန်မာတွင် တိုက်ခိုက်မှုအရှိန်မြင့်လာပြီး ညှိနှိုင်းရေးလမ်းစမမြင်ဟု ကုလအထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား အင်အားသုံးတိုက်ခိုက်မှုများ မြင့်တက်လာပြီး ညှိနှိုင်းဆွေးနွေးရန် အလားအလာ မရှိသေးကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုဟေဇာလင်းက ပြောသည်။

မတ်လ ၁၆ ရက်က ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောဆိုခြင်းဖြစ်သည်။

စစ်ကောင်စီတပ် ပြီးခဲ့သည့်ဇန်နဝါရီလကုန်တွင် အရေးပေါ်ကာလကို သက်တမ်းတိုးပြီးနောက်တွင် အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန် တိုက်ပွဲအရှိန်မြှင့်လာပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု၊ အရပ်သားများ၏ နေအိမ် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးမြှင့်လုပ်ဆောင်လာကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် စစ်ကောင်စီက ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုများ ပိုတိုးလာနိုင် ကြောင်းလည်း ထောက်ပြသည်။ အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးမှုများ မရှိခြင်း၊ လွတ်လွတ်လပ်လပ် အကြောက်တရားကင်းကင်းဖြင့် ကျင်းပနိုင်သည့် အခြေအနေမရှိခြင်းကြောင့်ဟု ဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ခဲ့သည့် မြန်မာ့အရေးဆုံးဖြတ်ချက်ကိုလည်း လိုက်နာခြင်း မရှိကြောင်း ပြောဆိုခဲ့သည်။

ယင်းအပြင် အပြောင်းအလဲ လုပ်ဆောင်နိုင်သည့် အဓိပ္ပါယ်ရှိသည့် ခရီးစဉ်မဟုတ်လျှင် မြန်မာနိုင်ငံသို့ ပြန်လည် သွားရောက်တော့မည် မဟုတ်ကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

……………………………………

ပင်လောင်း နမ်းနိန်းရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နမ်းနိန်းရွာ ဘုန်းတော်ကြီးကျောင်းထဲတွင် ရဟန်းသုံးပါးအပါအဝင် အရပ်သားပြည်သူ အမျိုးသား၊ အမျိုးသမီး ၂၂ဦး မတ်လ ၁၁ ရက်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည်။

သတ်ဖြတ်မှုအပေါ် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား နှစ်ဖက်အပြန်အလှန် စွပ်စွဲနေကြသည်။

ယင်းနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က နမ်းနိန်းရွာအနီးဝန်းကျင်ကို လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ပြီးနောက် ရွာကိုဝင်ရောက်စီးနင်းကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းက တော်လှန်ရေး အင်အားစုများက ပြောဆိုသည်။

ဒေသခံ ၁၁ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး သတ်ဖြတ်ခံထားရသူများတွင် နှိပ်စက်ခံထားရသည့်ဒဏ်ရာများ တွေ့ရသည်ဟုလည်း ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၊ ကရင်နီတပ်မတော် (KNPP/KA) ၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တို့ မတ်လ ၁၆ ရက်က အွန်လိုင်းမှတစ်ဆင့် ပူးပေါင်းကျင်းပသည့် သတင်းစာရှင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

PDF များကို ပစ်သတ်ခဲ့သည်ဟု စစ်ကောင်စီဘက်က စွပ်စွဲထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများတွင် သွေးစိုနေသည်ကို တွေ့ရမည်ဖြစ်ကြောင်းဆိုသည်။ KNDF ဘက်က အခင်းဖြစ်နေရာသို့ နောက်တစ်ရက် မတ်လ ၁၂ တွင် ရောက်ချိန်ခဲ့သဖြင့် ဓာတ်ပုံ မှတ်တမ်းရယူရာတွင် သွေးခြောက်နေသည်ကို တွေ့ရမည်ဟု ဆိုသည်။

အခင်းဖြစ်နေရာက ကျည်ခွံများမှာလည်း စစ်ကောင်စီတပ် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ထုတ် ကျည်များဖြစ်သည်ဟု ထောက်ပြသည်။ ထို့ကြောင့် စစ်ကောင်စီတပ် လက်ချက်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီဘက်ကမူ KNPP၊ KNDF တို့က ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF လက်နက်အချို့နှင့် အလောင်း အချို့ရရှိခဲ့ကြောင်းဆိုသည်။ ယင်းအပြင် KNPP၊ KNDF ရွာထဲဝင်ကာ ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးခြင်း ဖြစ်သည်ဟု စွပ်စွဲထားသည်။

မတ်လ ၁၁ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာအတွင်း နေအိမ်ဆယ်နှင့်ချီ မီးလောင်ပျက်စီးခဲ့သေးသည်။

……………………………………

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ကြိမ်အထိရှိလာသည်ဟုထုတ်ပြန်

ပုံစာ – စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာက ဒေသခံ ၁၅ ဦး မတ်လဆန်းတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်၌ ရုပ်အလောင်းများကို သယ်ဆောင်လာစဉ်။

အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၄ ကြိမ်အထိရှိလာပြီး ၇၆၆ ဦး သတ်ဖြတ်ခံရကြောင်း NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မတ်လ ၁၅ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပိုမိုဆိုးရွားလာကြောင်း ဖော်ပြသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လမှ ယခုနှစ် မတ်လ ၁၃ ရက်အတွင်း အရပ်သားငါးဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို မှတ်တမ်းပြုစုထုတ်ပြန်ခြင်းဖြစ်ကြောင်း ဆိုသည်။

ကချင်၊ ကယား (ကရင်နီ) ၊ စစ်ကိုင်း၊ ရှမ်းတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းအနက် လူ ၈၀ ကျော် သေဆုံးခဲ့သည့် ကချင်ပြည်နယ် အနန့်ပါရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးမှု အများဆုံးဖြစ်စဉ်ဖြစ်ကြောင်း ဖော်ပြသည်။

သေဆုံးသူ ၇၆၆ ဦးတွင် အမျိုးသား ၄၈၂ဦး၊ အမျိုးသမီး ၇၈ဦး ရှိပြီး ရုပ်အလောင်း ၂၀၆ လောင်းမှာ အမျိုးသား အမျိုးသမီးမခွဲနိုင်သည့်အခြေအနေဖြစ်ကြောင်း ဖော်ပြသည်။ သေဆုံးသူများအနက် အသက် ၁၈ အောက်အရွယ် ၆၂ ဦးပါဝင်ကြောင်းလည်း ဖော်ပြသည်။

ယခုကဲ့သို့ သတ်ဖြတ်မှုများ ရပ်တန့်ရေးနှင့် ကျူးလွန်သူများကို အပြစ်ပေးအရေးယူနိုင်ရေး နိုင်ငံတကာအနေဖြင့် အလျင်အမြန် ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းထားသည်။

……………………………………

ပြည်သူလူထုဆက်သွယ်ရေးကို ထိန်းချုပ်ကန့်သတ်မည့် အကြမ်းဖက်မှုနည်းဥပဒေ

အီလက်ထရောနစ် သတင်းအချက်အလက် ကြားဖြတ်ဖမ်းယူခြင်း၊ ဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်းနှင့် တည်နေရာ အတည်ပြုခြင်းများလုပ်ဆောင်မည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေကို စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည်။

မတ်လ ၁ရက်က ပြဋ္ဌာန်းခြင်းဖြစ်ပြီး မတ်လ ၁၀ ရက်မှစတင်ကာ စစ်ကောင်စီ လက်အောက်ခံ သတင်းစာများတွင် ထည့်သွင်းဖော်ပြနေသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကိုမူ ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

အကြမ်းဖက်မှုကို တားဆီးရန် ကြိုးဖြင့်ဖြစ်စေ၊ ကြိုးမဲ့ဖြစ်စေ အီလက်ထရောနစ် သို့မဟုတ် ဆက်သွယ်ရေး ကိရိယာတစ်ခုခုကို အသုံးပြု၍ ပြောဆိုခြင်း၊ သတင်းအချက်အလက် ပေးပို့ခြင်း၊ ဖမ်းယူခြင်း၊ ဆက်သွယ်ခြင်းတို့ကို ကြားဖြတ်ယူခြင်း နားထောင်ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြသည်။

ယင်းသို့လုပ်ဆောင်ခြင်းကို ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရထားသူများအနေဖြင့် ငြင်းပယ်ခွင့်မရှိဟုလည်း တားမြစ်ထားသည်။

တစ်ကြိမ်လျှင် ရက် ၇၀ အထိ အချိန်ရပြီး လိုအပ်လျှင် သက်တမ်းတိုးခွင့်လည်း ပေးထားသည်။

ထို့ကြောင့် ဖုန်းပြောဆို ဆက်သွယ်မှုများ၊ စာတိုပေးပို့ခြင်း၊ အင်တာနက်အသုံးပြုမှုများကို စောင်ကြည့် ခြေရာခံနိုင် သဖြင့် ပြည်သူလူထု၏ ဆက်သွယ်ရေးမှာ လုံခြုံမှု စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ထောက်ပြမှုများရှိသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းကပင် ကြားဖြတ်ဖမ်းယူမှုများ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယခု ဥပဒေအရ အကာအကွယ်ရယူကာ လုပ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း ဝေဖန်ကြသည်။

ယင်းနည်းဥပဒေသည် တော်လှန်ရေးတွင် ပါဝင် ဆက်နွယ် ထောက်ပံ့ကူညီသူများကို ဖိနှိပ်လိုသဖြင့် ယင်းနည်းဥပဒေကို ပြဋ္ဌာန်းခြင်း ဖြစ်ကြောင်းလည်း ထောက်ပြကြသည်။

……………………………………

နိုင်ငံရေးပါတီ ၂၉ခုသာ မှတ်ပုံတင်ပြန်တင်

တည်ဆဲနိုင်ငံရေးပါတီ ၉၁ ပါတီရှိသည့်အနက် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီ ၂၉ ခုသာ မှတ်ပုံပြန်တင်သေးသည်။

နိုင်ငံရေးပါတီမှတ်ပုံတင်ရမည့် နောက်ဆုံးရက်မှာ မတ်လ ၂၈ရက်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။ မှတ်ပုံတင် နောက်ဆုံးရက် ရောက်ရှိ ၁၀ ရက်ဝန်းကျင်သာ လိုတော့ချိန် တည်ဆဲပါတီ သုံးပုံတစ်ပုံခန့်သာ မှတ်ပုံ လာတင်သေးသည်။

ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ခုနစ်ခု၊ တိုင်းနှင့် ပြည်နယ်တစ်ခုခုတွင်သာ စည်းရုံးမည့်ပါတီ ၂၂ ခု မှတ်ပုံတင်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၈ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းအထဲတွင် ကချင်၊ ကရင်၊ ရခိုင်၊ မွန်၊ ရှမ်းပြည်နယ်တို့က တိုင်းရင်းသားပါတီ ၁၂ ခုပါဝင်သည်ကို တွေ့ရသည်။

စစ်ကောင်စီက ယခုနှစ် ဇန်နဝါရီလ ၂၆ရက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အသစ်ပြဋ္ဌာန်းခဲ့ပြီး ကန့်သတ် ချက်များကို တိုးမြှင့်သတ်မှတ်ကာ တည်ဆဲနိုင်ငံရေးပါတီများကို မှတ်ပုံပြန်တင်ခိုင်းခြင်းဖြစ်သည်။ မှတ်ပုံမတင်လျှင် ဖျက်သိမ်းမည်ဟုလည်း ပြဋ္ဌာန်းချက် ထည့်သွင်းထားသည်။

မှတ်ပုံတင်မတင် ပါတီတွင်းဆွေးနွေးဆုံးဖြတ်နေဆဲ ပါတီများရှိသလို NLD အပါအဝင် မှတ်ပုံပြန်မတင်ကြောင်း ကြေညာထားသည့် ပါတီများလည်းရှိနေသည်။

မှတ်ပုံတင်ထားရာတွင် ကြံ့ခိုင်ရေးပါတီ၊ စစ်ကောင်စီဝန်ကြီး ဒေါက်တာသက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီတို့ ပါဝင်သည်။

ရခိုင်က အင်အားကြီးပါတီ ရခိုင်အမျိုးသားပါတီ၊ ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ၊ ရှမ်းက အင်အားကြီးပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှာ မှတ်ပုံတင်ထားခြင်း မတွေ့ရသေးပေ။

……………………………………

မြန်မာ့အရေး တရုတ်ကြားဝင်ဆောင်ရွက်မှုကို ကြိုဆိုလိုက်သည့် FPNCC

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းစေရန် တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်မှု အပေါ် ကြိုဆိုထောက်ခံကြောင်း ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) က ထုတ်ပြန်သည်။

‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် FPNCC အစည်းအဝေးကို မတ်လ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် UWSA ဌာနချုပ် ပန်ဆန်းတွင် ကျင်းပခဲ့သည်။

အစည်းအဝေးကို လက်နက်ကိုင်အဖွဲ့များ၏ ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တိုးမြင့်လာသည့် ပြည်တွင်းပဋိပက္ခအခြေအနေနှင့် ကိုဗစ်ကာလ ပြည်တွင်း၊ ပြည်ပရေးရာ များကို ဆွေးနွေးကြခြင်းဖြစ်ပြီး အစည်းအဝေးအပြီးထုတ်ပြန်ချက်ထုတ်တွင် တရုတ်ကိစ္စထည့်သွင်း ဖော်ပြလာခြင်း ဖြစ်သည်။

နယ်စပ်ဒေသတည်ငြိမ်ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လူဝင်မှုနှင့် ကုန်သွယ်ကူးသန်းသွားလာရေးအပါအဝင် ကဏ္ဍအသီးသီးတွင် တရုတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် တည်ထောင်ရန် လူနည်းစု တိုင်းရင်းသားလူမျိုးများ အနေဖြင့် မိမိတို့အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

……………………………………

ရေယုန်အရေပြားရောဂါခံစားနေရသည့် စစ်ဘေးရှောင်ကလေးများ

Photo – Job for Kayah

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းတွင် စစ်ဘေးရှောင်နေကြသည့် လသားအရွယ် အပါအဝင် ကလေးငယ် ၄၀ ခန့်တွင် ရေယုန်အရေပြားရောဂါ ဖြစ်ပွားနေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးသူ တို့က ဆိုသည်။

မျက်နှာ၊ ဦးခေါင်း၊ ဝမ်းဗိုက်၊ ခြေထောက်များတွင် ဖြစ်ပွားနေပြီး ကိုပူခြင်း၊ ယားယံခြင်း၊ အနာပေါက်ထွက်ခြင်း၊ နာခြင်း စသည်တို့ကို ခံစားကြရကြောင်း ဆိုသည်။

စစ်ဘေးရှောင်များမှာ တောတောင်များထဲတွင် နေထိုင်ကြရပြီး သောက်ရေ၊ သုံးရေ မသန့်ရှင်းခြင်း၊ ရေပုံမှန်မချိုးရခြင်း စသည့် တစ်ကိုယ်ရေသန့်ရှင်းရေး မလုပ်နိုင်ကြသဖြင့် အရေပြားရောဂါ ကူးစက်ခံစားနေရခြင်းဖြစ်သည်။

ရေယုန်ရောဂါမှာ ကလေးများအပြင် လူကြီးများတွင်လည်း ကူးစက်ဖြစ်ပွားနေကြောင်းဆိုသည်။

၎င်းတို့ကို ဆေးကုသပေးနေပြီဖြစ်သော်လည်း ဆေးဝါးများများ လိုအပ်နေပြီး ယင်းအပြင် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးသူတို့က ဆိုသည်။ ဒီးမော့ဆိုတွင် စစ်ဘေးရှောင် နှစ်သောင်းခန့် ရှိနေသည်။

……………………………………

ငွေလဲလုပ်ငန်းကုမ္ပဏီ ၂၀ လိုင်စင်သိမ်းခံရ

နိုင်ငံခြားငွေ ဝယ်ယူ ရောင်းချ လဲလှယ်ခွင့် လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီ ၂၀ ခုကို စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က လိုင်စင်ပိတ်သိမ်းလိုက်ကြောင်း မတ်လ ၁၇ရက်တွင် ထုတ်ပြန်သည်။

ဗဟိုဘဏ်၏ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသဖြင့် လိုင်စင်ရုပ်သိမ်းခြင်းဖြစ်သည်ဟုသာ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သို့သော် မည်သည့် အမိန့်ညွှန်ကြားချက်တို့ကို လိုက်နာခြင်းမရှိဆိုသည်ကိုမူ တိတိပပ ဖော်ပြထားခြင်း မရှိပေ။

Money Changer လုပ်ငန်း လိုင်စင်သိမ်းခံရရာတွင် နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းလည်း ပါဝင်နေသည်။

လိုင်စင်ပိတ်သိမ်းခံသည့် ကုမ္ပဏီများမှာ Oake Khaung Travel & Tours၊ Senjo Royal Myanmar၊ Dawei Popular၊ Zam Myo၊ Phyo Thet (PT)၊ Sky Bound၊ Myanmar MCG Corporation၊ Htwe and Htwe Family၊ Won Won၊ United Eleven၊ Tun Yama၊ Myanmar Alinkar Hotel Group၊ Cartel၊ Super Phoneix၊ Golden Falcon Shipping၊ Fairness Travels & Tours၊ Yadanar Bon Travels & Tours၊ Myanmar National Airlines၊ Dewant Financial Loan Microfinance၊ Treasure Su တို့ဖြစ်သည်။

……………………………………