မြိတ်တွင် မွေးကင်းစကလေး စွန့်ပစ်ခံရ

0
2830

မြိတ်မြို့ မြိတ်တောင်နယ်မြေတွင် မတ်လ ၁၅ ရက်ညက မွေးကင်းစကလေးတစ်ဦးကို လာရောက်စွန့်ပစ်ထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မြိတ်တောင်နယ်မြေ ဇေယျာသီရိ ၂ ရပ်ကွက်ရှိ အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် မွေးကင်းစကလေးတစ်ဦးကို ညကိုးနာရီခွဲခန့်က လာရောက်စွန့်ပစ်ထားကြောင်း အဆိုပါကျောင်းအနီးနေထိုင် သူအချို့က ပြောသည်။

“ချက်ကြိုးတောင်မဖြတ်သေးဘူး။ လာပစ်သွားတာ။ ကလေးက အသက်ရှင်တုန်းပဲသေး” ဟု ကျောင်းအနီးနေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါ စွန့်ပစ်ခံထားရသည့် ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး အနီးအနားတွင် သွေးစွန်း‌နေသည့်စာတစ်စောင်လည်း တွေ့ရကြောင်း ၎င်းက ပြောသည်။

အဆိုပါစာတွင် ‘ဘယ်သူ့ပဲတွေ့တွေ့ ပိုင်စိုးကို ပေးပေးပါ’ ဟု ရေးသားထားကြောင်း ကျောင်းအနီးနေထိုင်သူအချို့က ဆိုသည်။

လက်ရှိတွင် စွန့်ပစ်ခံထားရသည့်ကလေးအား ဆေးရုံတင်ပို့ထားပြီး မွေးစားလိုသူများလည်း ရှိနေကြောင်း ကျောင်းအနီးနေထိုင်သူများက ပြောသည်။

မြိတ်မြို့ရှိ အခြေခံလူတန်းစားအများစုနေထိုင်ရာ ရပ်ကွက်များတွင် မွေးကင်းစ ကလေးစွန့်ပစ်မှုများ ခပ်စိပ်စိပ်ရှိလာကြောင်း ဒေသခံအချို့က ပြောသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့က မြိတ်တောင်နယ်မြေ၊ ဇေယျာသီရိ ၃ ရပ်ကွက်၊ ပေါ်ဦးလမ်းရှိ တံတားအောက်တွင် သေဆုံးနေသည့် မွေးကင်းစ ကလေးတစ်ဦး လာရောက်စွန့်ပစ်ထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း မြိတ်အဝေးပြေးကားဝင်းအနီးတွင် သေဆုံးနေသည့်မွေးကင်းစကလေး စွန့်ပစ်ထားကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။