ကရင်ကြီးရွာ ပျူစောထီးခေါင်းဆောင်နေအိမ်မီးရှို့ခံရ၊ စစ်ကြောင်းဝင်ချိန် ရွာသားအချို့ဖမ်းဆီးခံရ

0
2620

လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာ ပျူစောထီးခေါင်းဆောင်၏ နေအိမ်အပါအဝင် အဖွဲ့ဝင်အချို့၏နေအိမ် သုံးလုံး ယနေ့ မတ်လ ၉ ရက် နံနက်ပိုင်းက မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။

ပျူစောထီးခေါင်းဆောင် ဦးလေးလေးဆိုသူ၏ နေအိမ်နှင့် ပျူစောထီးအဖွဲ့အား အကူအညီပေး‌လေ့ရှိသည့် နတ်ဝင်သည် မမာလာဆိုသူ၏ နေအိမ်၊ ပျူစောထီးအဖွဲ့ဝင် ကိုအာကာ၏နေအိမ် စုစုပေါင်း သုံးဆောင်ထက်မနည်း မီးရှို့ခံရကြောင်း ၎င်းတို့က ဆိုသည်။

ကရင်ကြီးရွာရှိ ပျူစောထီးစခန်းကို မတ်လ ၆ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားသည်။

ယင်းနောက် စစ်ကောင်စီတပ် စစ်ကူလာပြီး ရေကြောင်း၊ ကုန်းကြောင်းနှစ်ဖက်ညှပ်ကာ ကရင်ကြီးကျေးရွာ အနီးအနားရှိ တောတောင်များအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ပြီး စစ်ကြောင်းထိုးခဲ့သည်ဟု ဆိုသည်။

မတ်လ ၈ ရက် ညပိုင်းတွင် စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံတို့က ပြောသည်။

ယင်းနောက် ယနေ့ မတ်လ ၉ ရက်နံနက်တွင် ပျူစောထီးခေါင်းဆောင်နှင့် အဖွဲ့ဝင်တို့၏ နေအိမ်များ မီးရှို့ခံရခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ဘာမှ မရှိတော့ဘူး။ ရွာထဲမှာလည်း လူတွေရှင်းနေတယ်။ ပျူတွေလည်း မရှိတော့ဘူး။ မနေ့ကတည်းက စစ်တပ်နဲ့အတူ လိုက်ပါသွားကြပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ပျူစောထီနေအိမ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်သည်ဟု ဒေသခံအချို့ကပြောဆိုပြီး Dawei Watch အနေဖြင့်မူ သီးခြားအတည်မပြုနိုင်သေးပေ။

မတ်လ ၆ရက် ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ကျဉ်ဆံအချို့ ပြင်ကြီးရွာနှင့် သဘော့ဆိပ်ရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံများ ရွာလုံးကျွတ်နီးပါ ထွက်းပြေးခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။

မတ်လ ၆ ရက်နေ့ ညနှင့် ၇ရက်နေ့တို့တွင် ကရင်ကြီးရွာရှိ ဒေသခံပြည်သူအချို့၏ နေအိမ် လေးလုံးခန့်အား စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ထို့နောက်မတ်လ ၈ ရက်တွင် စစ်ကောင်စီက ကားသုံးစီးဖြင့် ကရင်ကြီးရွာဖက်ကို ကုန်းကြောင်းအတိုင်း ဝင်ရောက်သွားရာ ကျောက်ဆင်ရွာအဝင်တွင် မိုင်းဆွဲခံရကြောင်း ဒေသခံတို့က ပြောသည်။

ယင်းမိုင်းဆွဲမှုတွင် အထိအခိုက်ရှိသည့် သတင်းမကြားရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ထို့နောက်စစ်ကောင်စီတပ်ဖွဲ့က ကျောက်ဆင်ရွာမှ ကရင်ကြီးရွာအထိ လမ်းကြောင်းတစ်လျှောက် မိုင်းရှင်းလင်း ရှာဖွေသွားစဉ် လမ်းတစ်လျှောက်ရှိ ဒေသခံ ၁၀ ဦး ခန့် ဖမ်းဆီးခံရကြောင်း ဒေသခံတို့က ပြောဆိုသည်။

၎င်းတို့ကို ယင်းနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ယင်းလမ်းတွင် နောက်ထပ်ဒေသခံ သုံးဦးလည်း ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရရာတွင် ကိုအောင်အောင်ဆိုသည့် စိတ်ဝေဒနာရှင်တစ်ဦးလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် မတ်လ ၈ရက် ညနေ လေးနာရီခန့်တွင် ပျူစောထီးနှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်များသည် ပြင်ကြီးရွာရှိ နေအိမ်သုံးဆောင်ကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ထားဝယ်ဖက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

မတ်လ ၈ရက်တွင် ရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့သာ ရှိနေချိန် နေအိမ် လေးလုံးထက်မနည်း ထပ်မံ မီးရှို့ခံရသေးကြောင်း ဒေသခံတို့က ဆိုသည်။

တိမ်းရှောင်နေကြသည့်ဒေသခံအချို့မှာ ယနေ့မတ်လ ၉ ရက်တွင် ရွာသို့ ပြန်လည်ဝင်ရောက်လာကြပြီး အချို့မှာ အခြေအနေဆက်လက်စောင့်ကြည့်နေကြဆဲဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

မတ်လ ၆ ရက်မှ ၈ ရက်နေ့အထိ သုံးရက်အတွင်းဖြစ်ပွားခဲ့သော ကရင်ကြီးရွာဖြစ်စဉ်တွင် အရပ်သားပြည်သူများ၏ နေအိမ် ရှစ်လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။