တနင်္သာရီတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံး

0
2442

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဂိတ်စခန်းနှစ်ခုနှင့် ယာဉ်တန်းတို့ကို မိုင်းဆွဲတိုက်ခိုက်ပြီး ပြန်လည် ဆုတ်ခွာရာတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခံရသဖြင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရ ကြောင်း စုံစမ်းသိရှိရသည်။

မတ်လ ၇ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ဗောဓိကမ်းစစ်ဆေးရေးဂိတ်နှင့် ညောင်ပင်ကွင်းတံတားဂိတ်တို့ကို ပြည်သူ့ ကာကွယ်ရေးတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်ယာဉ်တန်းအား ပြည်ထောင်စုလမ်းပိုင်းရှိ တနင်္သာရီမြို့အနီး ရမ်းဖိုရွာ၊ တမုတ်ချုံးရွာနှင့် ထုံခါရွာအနီးတို့တွင် သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် ယာဉ်မောင်းအချို့ထံမှသိရသည်။

ယင်းသို့ တိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဆုတ်ခွာစဉ် မွန်းလွဲ ၂နာရီခန့်တွင် တနင်္သာရီမြို့ရှိ စစ်ကောင်စီတပ်က ညောင်ပင်ကွင်းကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အသက် ၁၉နှစ်အရွယ် ရဲဘော်ကျားကြီး ကျဆုံးပြီး နောက်ရဲဘော်တစ်ဦးလည်း ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူဒေသခံတစ်ဦးက ပြောဆိုသည်။

“နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပြီး ပြန်ဆုတ်တဲ့အချိန်မှာ ဟိုဖက် (စစ်ကောင်စီတပ်) က လက်နက်ကြီးနဲ့ပစ်လို့ ကျဆုံး သွားတာပါ” ဟု ၎င်းက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတပ်ဘက်က ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်ကလည်း အကျအဆုံးရှိသည်ဟု သတင်း ကြားသိရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“စစ်ကောင်စီတပ်ဘက်က အသေအပျောက်ရှိတယ်ကြားရတယ်။ ဘယ်လောက်သေတယ်ဆိုတာတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦး ပြောသည်။

အထက်ပါ တိုက်ခိုက်မှုများဖြစ်ပွားပြီး တစ်နာရီခန့်အကြာတွင် ယင်းအနီးဝန်းကျင်ရှိ ရေဖြူရွာနှင့် ချောင်းလမုရွာ အနီးတွင် စစ်ကောင်စီတပ်နှင့် ရဲများပါဝင်သည့် ခြေလျင်စစ်ကြောင်းထိုးနေသည်ကို တွေ့ရှိရပြီး ယာဉ်များကိုမူ တားဆီးစစ်ဆေးခြင်းမျိုး မရှိကြောင်း ခရီးသည်တင် ကားသမားတစ်ဦးက ပြောသည်။

“အနည်းဆုံး (လမ်းတစ်လျှောက်) သုံးနေရာလောက် (ပစ်ခတ်တိုက်ခိုက်မှု) ပြဿနာတက်ခဲ့တယ်လို့ ကြားရတယ်။ ကျွန်တော်တို့ကား ပြန်ဆင်းလာချိန်မှာတော့ ပွဲပြီးလို့ အေးဆေးပြန်ဖြစ်နေပြီ” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီက တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် စစ်အင်အားနှင့် လက်နက်ရိက္ခာများ တိုးမြှင့်လုပ်ဆောင်လာနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များဘက်က ပြောဆိုထားသည်။