ထားဝယ်တက္ကသိုလ်တွင် ၂နှစ်စာပေါင်းဘွဲ့ပေး၊ ဘွဲ့ယူသူ ရာဂဏန်းသာရှိ

0
2544
ပုံစာ - ပုံအဟောင်းဖြစ်ပါသည်။

ထားဝယ်တက္ကသိုလ်တွင် ဘွဲ့နှင်းသဘင် ၂နှစ်အတွက် လေးကြိမ်ကို တစ်ကြိမ်တည်းဖြင့် ပေါင်းပေးသော်လည်း ဘွဲ့ယူသူ ကျောင်းသားဦးရေမှာ ရာဂဏန်းသာရှိကြောင်း စုံစမ်းသိရှိရသည်။

၂၀၁၉၊ ၂၀၂၂ ခုနှစ်တို့က ဖြေ‌ဆိုအောင်မြင်ထားသူ နေ့သင်တန်းနှင့် အဝေးသင် သင်တန်းတို့ကို ပေါင်းပြီး ထားဝယ် တက္ကသိုလ်တွင် ဖေဖော်ဝါရီလ ၂၆ ရက် ဘွဲ့အပ်နှင်းခဲ့ခြင်းဖြစ်သည်။

ကိုဗစ်နှင့် အာဏာသိမ်းမှုမတိုင်မီ ပုံမှန်နှစ်ဆိုပါက ပညာသင်နှစ် တစ်နှစ်ကို တစ်ကြိမ်စီဘွဲ့အပ်နှင်းခြင်းဖြစ်ရာ နေ့သင်တန်းအတွက် ၂ နှစ်စာ နှစ်ကြိမ်၊ အဝေးသင်အတွက်နှစ်ကြိမ် စုစုပေါင်းလေးကြိမ် ဘွဲ့အပ်နှင်းရမည် ဖြစ်သည်။

ပုံမှန်နှစ်ဆိုလျှင် နေ့သင်တန်းအတွက် ဘွဲ့ယူကျောင်းသားဦးရေမှာ တစ်နှစ်လျှင် ၁၀၀၀ ဦး မှ ၁၅၀၀ ဦးအထိ၊ အဝေးသင်ဆိုပါက ၂၀၀၀ ဦး မှ ၃၀၀၀ ဦးအထိ ယူရှိလေ့ရှိကြောင်း တက္ကသိုလ်က ဆရာအချို့ထံမှ သိရသည်။

ထို့ကြောင့် ထားဝယ်တက္ကသိုလ်တွင် တစ်နှစ်လျှင် စုစုပေါင်း ကျောင်းသူကျောင်းသား ၃၀၀၀ ဦးမှ ၄၅၀၀ ဦးအထိ ဘွဲ့ယူလေ့ရှိကြကြောင်း ဆိုသည်။

၂ နှစ်စာဆိုပါက ၆၀၀၀ မှ ၉၀၀၀ ဦးအထိရှိနိုင်သည်။

သို့သော် ယခုဘွဲ့နှင်းသဘင်တွင် ဘွဲ့တက်ရောက်ယူသူမှာ နှစ်ရာခန့်သာရှိသည်ဟု ဆရာအချို့နှင့် ကိုယ်တိုင် ဘွဲ့တက်ရောက်ယူခဲ့သူ ကျောင်းသားအချို့က ပြောသည်။

“မနက်ပိုင်းမှာက ၅၀ လောက်ရှိတယ်။ ညနေပိုင်းမှာကျတော့ ၁၄၀ ကျော်၊ အဲဒီလောက်ပဲရှိတယ်” ဟု ကိုယ်တိုင်ဘွဲ့ယူခဲ့သူ ကျောင်းသူတစ်ဦးက ပြောဆိုသည်။

နံနက်ပိုင်းတွင် နေ့ကျောင်းသားများကို ဘွဲ့အပ်နှင်းခြင်းဖြစ်ပြီး ညနေပိုင်းတွင် အဝေးသင်ကျောင်းသားများကို အပ်နှင်းခြင်းဖြစ်ကြောင်း ဆရာတစ်ဦးက ဆိုသည်။

ဘွဲ့ယူသည့်နေ့တွင် ‌ထားဝယ်တက္ကသိုလ်ကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်သားများ လုံခြုံရေးယူပေးထား သော်လည်း စစ်ဆေးမေးမြန်းခြင်း မရှိကြောင်း အခြားဘွဲ့ယူကျောင်းသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့မေဂျာမှာတော့ ဘွဲ့ယူတဲ့သူက တစ်ဆယ်ကျော်ပဲ ရှိတယ်။ အားလုံးဆိုရင်တော့ လေးဆယ်လောက် ရှိတယ်၊ အတူအောင်တဲ့သူတွေက။ ဒါပေမဲ့ တချို့ကျတော့ ဘွဲ့ပေးမှာကို မသိကြဘူး။ တော်တော်များများက ဘွဲ့ပေးမှာကို မသိကြတော့ မယူဖြစ်ကြဘူး။ တချို့ကျတော့ အဝေးရောက်လျှောက်ကြတာတွေလည်း ရှိတယ်” ဟု ၎င်းကျောင်းသားက ဆိုသည်။

စစ်ကောင်စီက အပ်နှင်းသည့်ဘွဲ့လက်ခံသည်ဟုဆိုကာ ဘွဲ့ယူကျောင်းသား၊ ကျောင်းသူများကို CDM ကျောင်းသားများက ဝေဖန်နေကြသည်။

“လူတိုင်းမှာတော့ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိပါတယယ်။ ဒါပေမဲ့ CDM လို့ တစာစာအော်ပြီး ဆန္ဒပြခဲ့ကြတဲ့သူတွေ အခုကျတော့ သူတို့မဟုတ်တဲ့အတိုင်း ဘွဲ့ယူနေကြတာ အရမ်းအံ့ဩတယ်တယ်” ဟု CDM တက္ကသိုလ်ကျောင်းသူ တစ်ဦးက ဆိုသည်။

အဝေးသင်ကျောင်းသားများကို ထားဝယ်တက္ကသိုလ်တွင် ဘွဲ့အပ်နှင်းသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ယခင်ကမူ ရန်ကုန်တက္ကသိုလ်တွင် သွားယူရလေ့ရှိသည်။

နေ့သင်တန်းများအတွက်မူ ယခုတစ်ကြိမ်သည် ၁၉ ကြိမ်မြောက်ဘွဲ့နှင်းသဘင်ဖြစ်သည်။