ကလိန်အောင်တွင် တောပစ်ထွက်သည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

0
2467

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် ဖေဖော်ဝါရီလ ၂၁ ရက်က တောပစ်ထွက်သည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သေဆုံးသူအမျိုသားမှာ ကလိန်အောင်မြို့၊ အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သူ ကိုဌေးလွင်ဦးဆိုသူဖြစ်သည်။

ကလိန်အောင်မြို့အနီးက KNU ထိန်းချုပ်နယ်မြေအတွင်းရှိ သစ်တောထဲသို့ ကိုဌေးလွင်ဦးသည် အခြားအမျိုးသားနှစ်ဦးနှင့်အတူ တောပစ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။  

ယင်းနောက် အဆိုပါအမျိုးသားနှစ်ဦးနှင့် အချင်းများရာမှ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး ကိုဌေးလွင်ဦး ကျည်ထိမှန်သေဆုံးသွားခဲ့ကြောင်း ၎င်းတို့က ပြောသည်။

“မိသားစုကတော့ သေဆုံးကြောင်း အတည်ပြုတယ်။ အလောင်းကတော့ ပြန်မရသေးဘူး။ သူနဲ့အတူ တောပစ်လိုက်တဲ့ လူနှစ်ယောက်ကိုတော့ KNU က စစ်နေတယ်လို့သိရတယ်” ဟု ကလိန်အောင်မြို့ အမှတ် ၃ ရပ်ကွက် ဒေသခံတစ်ဦးက ပြောဆိုသည်။

ကလိန်အောင်မြို့တွင် ဒေသအခေါ် တောပုန်းလက်လုပ်သေနတ်များဖြင့် ‌တော‌ကောင်ပစ်၊ အမဲလိုက်ခြင်းဖြင့် အသက်မွေးသူများရှိကြသည်။

ကိုဌေလွင်ဦး သေနတ်ပစ်ခံရကြောင်းကို Dawei Watch က ကနဦး ဒေသခံအချို့ထံ စုံစမ်းမေးမြန်းခဲ့ရာ ‌အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်ခြင်းဖြစ်ကြောင်း ‌ပြောဆိုကြသည်။

ထမ်မံစုံစမ်းကြည့်ရာ အချင်းချင်းပစ်ခတ်မှုဖြစ်ကြောင်း အခြားဒေသခံတို့က ပြောဆိုကြသည်။