တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
2653

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်၀ဝါရီ ၁၈ ရက်နေ့မှ ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ

ကြက်ငှက်တုပ်ကွေးကြောင့် ကမ္ဘောဒီးယားမှာ ကလေးငယ်တစ်ဦးသေဆုံး

ကမ္ဘောဒီးယားနိုင်ငံမှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ကြက်ငှက်တုပ်ကွေးရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

အရှေ့တောင်ပိုင်း ကျေးလက်ဒေသဘက်က အဲဒီ မိန်းကလေးငယ်ဟာ ဖေဖော်ဝါရီ ၁၆ ရက်က နေမကောင်းဖြစ်ခဲ့ပြီး မြို့တော် ဖနွမ်းပင်ရှိ ဆေးရုံကို ပို့ဆောင်ကုသခဲ့တာပါ။

သူဟာ ချောင်းဆိုး၊ လည်ချောင်းနာသလို အဖျားလည်း ၁၀၂ ဖာရင်ဟိုက်အထိ တက်ပြီး မကြာမီ သေဆုံးသွားတယ်လို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကျန်းမာရေးဌာနက သတင်း ထုတ်ပြန်ပါတယ်။

ဒါဟာ ကမ္ဘောဒီးယားမှာ ၂၀၁၄ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် H5N1 အမျိုးအစား ကြက်ငှက်တုပ်ကွေး လူကို ကူးစက်ခံရတာဖြစ်ပါတယ်။

သေဆုံးသွားတဲ့ မိန်းကလေးငယ်ရဲ့ နေအိမ်အနီးရှိ ဘေးမဲ့တော ဧရိယာမှာ သေဆုံးနေတဲ့ တောရိုင်းငှက်တကောင်ကို တွေ့ရပြီး အဲဒီငှက်ဆီက နမူနာတွေကို ဓာတ်ခွဲစစ်ဆေးမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားပါတယ်။

ဖျားနာ သေဆုံးတဲ့ ငှက်တွေကို ထိတွေ့ကိုင်တွယ်တာတွေ မလုပ်ဖို့လည်း တာမြစ်ထားပါသေးတယ်။

Ref: BBC

………………………………..

Facebook က လစဉ်ကြေးပေးသွင်းစနစ်ကို ဩစတေးလျနဲ့ နယူးဇီလန်မှာ စတင်မယ်

Facebook ကုမ္ပဏီ Meta ဟာ သုံးစွဲသူတွေရဲ့အကောင့်တွေ လစဉ်ကြေးပေးသွင်းစနစ်ကို သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့မှာ ဒီတပတ်ထဲ စတင်အသုံးပြုနိုင်တော့မယ်လို့ ကုမ္ပဏီ စီးအီးအိုဖြစ်သူ မာ့ခ် ဇူကာဘတ်က ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။

အဆိုပါစနစ်မှာ သုံးစွဲသူတွေအနေနဲ့ အပြာရောင် အမှန်ခြစ်သင်္ကေတ ရယူနိုင်မယ့် လစဉ်ကြေးပေးသွင်းမှုဆိုင်ရာ ဝန်ဆောင်မှုအစီအစဉ်ဖြစ်ပါတယ်။

ဒီအစီအစဉ်ထဲမှာ အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွေက ပုံစံတူ အယောင်ဆောင်မှုတွေကို ပိုမိုအကာအကွယ်ပေးမှာဖြစ်ပါတယ်။

လစဉ်ကြေးအနေနဲ့ ဝက်ဘ်ဆိုက်မှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉၉ ကျသင့်ကာ IOS နဲ့ Android စနစ်တွေမှာတော့ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၉၉ အထိ ပေးသွင်းရမှာ ဖြစ်ပါတယ်။

Ref: The Straits Times

………………………………..

တောင်ကိုးရီးယားမှာ ပထမဆုံး လိင်တူစုံတွဲ၏ ကျန်းမာရေးအာမခံကို အသိအမှတ်ပြုခဲ့

တောင်ကိုရီးယား တရားရုံးကနေ လိင်တူအတွဲတွေရဲ့ လူ့အခွင့်အရေးကို ပထမဆုံးအကြိမ်အနေနဲ့ ထည့်သွင်းစဥ်းစားပေးလိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံက လိင်တူစုံတွဲတစ်တွဲရဲ့ ကျန်းမာရေးအာမခံချက်ကို payment ကို ပြုလုပ်ကြရာမှာ နိုင်ငံကျန်းမာရေးအာမခံအဖွဲ့ကနေ ခွဲခြား ဆက်ဆံခြင်းကို ခံခဲ့ရပါတယ်။

တောင်ကိုရီယားမှာ အိမ်ထောင်ပြုခဲ့ရင် တစ်ယောက်က အလုပ်အကိုင်အတိအကျရရှိသွားမယ်ဆိုပါက ကျန်းမာရေး အာမခံချက် payment ကို ပြုလုပ်ရပြီး မှီခိုမဟုတ်တော့ကြောင်း တင်သွင်းရတာပါ။

ဒီလိင်တူစုံတွဲကိုတော့ တရားဝင်အိမ်ထောင်သည်တွေ အဖြစ် အသိအမှတ်မပြုနိုင်တာကြောင့် သက်သက်ခွဲပြီး payment ပြုလုပ်ရမယ်ဆိုပြီး ခွဲခြားခံခဲ့ရပါတယ်။

ဒါကို တောင်ကိုရီးယားတရားရုံးကနေ လိင်တူအတွဲတွေရဲ့ ကျန်းမာရေးအာမခံချက် payment ကို တရားဝင်အိမ်ထောင်သည်များအနေနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဥပဒေပြဋ္ဌာန်းလိုက်ပါတယ်။

Ref: BBC

………………………………..

ထိုင်းနိုင်ငံမှာ စိတ်ကြွဆေးသုံးစွဲသူ သိသိသာသာ တိုးလာကြောင်း လေ့လာတွေ့ရှိ

ထိုင်းနိုင်ငံမှာ ယခင်နှစ်က Methamphetamine သုံးစွဲသူဟာ ရာခိုင်နှုန်း ၃၀ အထိ ခုန်တက်သွားတယ်လို့ သုတေသန စစ်တမ်းတွေမှာ ဖေါ်ပြပါတယ်။

ဒါကို ထိန်းချုပ်နိုင်ဖို့အတွက် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက တင်းကျပ်တဲ့ ဥပဒေသစ်တွေ ပြဌာန်းပြီး Meth ဆေးပြား တပြားထက်ပိုပြီး သယ်လာတာ ဖမ်းမိရင် မူးယစ်ဆေးရောင်းဝယ်သူအဖြစ် တရားစွဲလို့ရတယ်လို့ သတ်မှတ်လိုက်ပါတယ်။

ဒါပေမဲ့ ပညာရှင်တွေ၊ လူမှုဝန်ထမ်း တာဝန်ရှိသူတွေကတော့ ဒါဟာ ဆေးသုံးသူတိုးလာတာကို ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အပြင် ပြဿနာပါ ပိုကြီးလာစေ နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ယာဘ စိတ်ကြွဆေး တပြားဟာ အမေရိကန်ငွေ ၁ ဒေါ်လာတောင် မကျဘူးလို့ စစ်တမ်းကောက်သူတွေက ပြောပါတယ်။

ဒီလို ဆေးပြားစျေးတွေ ကျလာသလို ဆေးပြားရဖို့ကလည်း စီးကရက်ရဖို့ထက် ပိုလွယ်ကူနေတာကြောင့် ဆေးခြောက်သုံးစွဲသူတွေ meth ကို စမ်းသုံးလာကြသလို သုံးစွဲသူဦးရေကလည်း ပိုများလာနေတယ်လို့ ချင်းမိုင်တက္ကသိုလ် မူးယစ်ဆေးစွဲသူများဆိုင်ရာဌာနက ပြောပါတယ်။

Ref: VOA

………………………………..

အရှေ့အုပ်စု နေတိုးမဟာမိတ်အဖွဲ့ဝင်တွေနဲ့ အမေရိကန်သမ္မတတို့ တွေ့ဆုံ

နေတိုး အရှေ့ဘက်ခြမ်းက မဟာမိတ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။

အရှေ့ဘက်ခြမ်း နေတိုးအဖွဲ့ဝင်တွေကို ဘူခါရက် ၉ နိုင်ငံလို့လည်း သိကြပြီး ဘူဂေးရီးယား၊ ချက်ဇ်ပြည်သူ့သမ္မတနိုင်ငံ၊ အက်စတိုးနီးယား၊ ဟန်ဂေရီ၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ ပိုလန်၊ ရိုမေးနီးယား၊ စလိုဗက်ကီးယားတို့ ဖြစ်ကြပါတယ်။

ဒီနိုင်ငံအများစုက ယူကရိန်းကို စစ်ရေးအကူအညီပေးဖို့ ခိုင်ခိုင်မာမာ ထောက်ခံကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ရုရှားကို ခုခံကာကွယ်ရာမှာ နေတိုး အဖွဲ့ဝင်မဟုတ်တဲ့ ယူကရိန်းကို လက်နက်နဲ့ လူသားချင်းစာနာမှု အကူအညီပေးရာမှာ မဟာမိတ်တွေက ပိုပြီးတောင် ပြတ်သားလာတယ်လို့ ဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။

Ref: NATO

………………………………..

တရုတ်ကျောက်မီးသွေးမိုင်းတွင်း ပြိုကျပြီး လူ ၅ ဦးသေဆုံး၊ ၄၀ ကျော် ပျောက်ဆုံးနေ

တရုတ်နိုင်ငံမြောက်ပိုင်းမှာ ကျောက်မီးသွေးမိုင်းတွင်း ပြိုကျလို့ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပြီး လူ ၄၈ ဦး ပျောက်ဆုံးနေပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၃ မိနစ်အချိန်မှာ မိုင်းတွင်းပြိုကျခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းအချိန်အထိ ဒဏ်ရာရရှိသူ ၆ ဦးရှိနေပြီး ၄၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

မိုင်းတွင်းပြိုကျရာနေရာမှာ ကယ်ဆယ်ရေးသမား ၄၇၀ ကျော်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ပြိုကျခဲ့တဲ့ ကျောက်မီးသွေးမိုင်းတွင်းဟာ မွန်ဂိုလီးယားအတွင်းပိုင်းဒေသမှာ တည်ရှိပြီး ရှင်ကျင်းကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီက လုပ်ကိုင်နေတဲ့ မိုင်းတွင်းဖြစ်ပါတယ်။

Ref: CNN

………………………………..

ပြင်သစ်စာသင်ကျောင်းမှာ ကျောင်းသားက ဓားနဲ့ဝင်ထိုးလို့ ဆရာမ သေဆုံး

ပြင်သစ်နိုင်ငံမှာ အထက်တန်းကျောင်းသားတစ်ယောက်က ဓားနဲ့ထိုးခဲ့လို့ ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းက စိန့်ယန်းဒီလုဇ်မြို့ အထက်တန်းကျောင်းမှာ ဖြစ်ပွားခဲ့တာပါ။

အတန်းထဲမှာ ဆရာမ စာသင်နေချိန် ကျောင်းသားက ဓားနဲ့ဝင်ထိုးခဲ့တာဖြစ်ပြီး ဓားထိုးခံရတဲ့ ကျောင်းဆရာမဟာ စပိန်နိုင်ငံသူ အသက် ၅၂ နှစ် ရှိသူတစ်ယောက်ဖြစ်ပါတယ်။

ဆရာမကို အရေးပေါ်ကုသပေးခဲ့သော်လည်း နောက်ပိုင်းမှာ သူ့ဒဏ်ရာနဲ့ပဲ့ သေဆုံးသွားတာပါ။

ဒီဖြစ်ရပ်မှာ ဓားနဲ့တိုက်ခိုက်တဲ့ အသက် ၁၆ နှစ်အရွယ် ကျောင်းသားကို ဖမ်းဆီးနိုင်ခဲ့ကာ စိတ်ကျန်းမာရေးပြဿနာရှိနေသူဖြစ်နိုင်တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

Ref: France 24

………………………………..

ဂျပန်နိုင်ငံ ကမ်းခြေတစ်ခုမှာ သတ္တု အလုံးကြီးတစ်လုံး တွေ့ရှိခဲ့ရ

ဂျပန်နိုင်ငံ ဟာမာမာဆုမြို့က Enshuhama ကမ်းခြေမှာ ကြီးမားပြီး သတ္တုဘောလုံးပုံသဏ္ဍာန်ရှိတဲ့ အလုံးကြီးတစ်လုံးကို ဒေသခံအမျိုးသမီးတစ်ဦးက ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ တွေ့ရှိခဲ့ပြီး ရဲကို အကြောင်းကြားခဲ့ပါတယ်။

မကြာခင်မှာပဲ ဧရာမသတ္တုလုံးကြီးတွေ့ရှိခဲ့တဲ့နေရာကို ပိတ်ဆို့ထားခဲ့ပြီး စုံစမ်းစစ်ဆေးဖို့ အကာအကွယ်ဝတ်စုံတွေဝတ်ထားတဲ့ ဖောက်ခွဲရေးကျွမ်းကျင်သူတွေကို ခေါ်ယူခဲ့ပါတယ်။

အာဏာပိုင်တွေက ဒီအရာဝတ္ထုဟာ ပေါက်ကွဲခြင်းမရှိဘူးလို့ ကောက်ချက်ချကြပေမဲ့ ဒီအလုံးကြီးက ဘာလဲ၊ ဘယ်နေရာကနေ ထွက်ပေါ်လာခဲ့လဲဆိုတာကို မသိရသေးပါဘူး။

အဲဒီအလုံးကြီးမှာ အခြားအရာတစ်ခုခုနဲ့ ချိတ်ထားလို့ရနိုင်စေတဲ့ သတ္တုလက်ကိုင်တွေအများကြီး တပ်ထားပြီး X ray စကင်န်ဖတ်ကြည့်တာတွေ ဆက်တိုက်ပြုလုပ်ပြီးတဲ့နောက် အလုံးကြီးက လုံးဝအခေါင်းပေါက်ဖြစ်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။

Ref: BBC

………………………………..

တာဂျီကစ္စတန်တွင် ပြင်းအား ၇ ဒသမ ၂ ရှိ ငလျင်လှုပ်

တာဂျီကစ္စတန်နိုင်ငံမှာ ပြင်းအား ၇ ဒသမ ၂ ရစ်ခ်ျတာစကေးရှိ ငလျင်တခု ဖေဖော်ဝါရီ ၂၃ ရက် မနက် ၈ နာရီ ၃၇ မိနစ်လောက်က လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်ဟာ အနက် ၆ မိုင်မှာ လှုပ်ခတ်ခဲ့တာလို့ တရုတ်ငလျင်ဌာနက ထုတ်ပြန်ထားခဲ့ပြီး အမေရိကန်ဘူမိဌာနကတော့ ပြင်းအား ၆ ဒသမ ၈ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ငလျင်ဗဟိုချက်ဟာ တရုတ်နိုင်ငံနဲ့ အနီးဆုံး နယ်စပ်ကနေ ၈၂ ကီလိုမီတာလောက်အကွာမှာရှိကာ ရှင်ကျန်းဒေသ အနောက်ဘက်မှာရှိတဲ့ ခက်ရှာနဲ့ အာတွတ်ခ်မြို့တွေမှာပါ အပြင်းအထန် ခံစားခဲ့ရတယ်လို့ သိရပါတယ်။

ဒေသဆိုင်ရာ မီးသတ်ဌာနကတော့ အသေအပျောက်သတင်း တစုံတရာ မရရှိသေးဘူးလို့ ဆိုထားပါတယ်။

Ref: South China Morning Post

………………………………..

အီးယူဝန်ထမ်းများကို TikTok သုံးစွဲခွင့် တားမြစ်

ဥရောပကော်မရှင်အဖွဲ့က သူ့ဝန်ထမ်းတွေရဲ့ လုပ်ငန်းသုံးဖုန်းတွေကနေ ဗီဒီယိုအတိုတွေ မျှဝေနိုင်တဲ့ TikTok သုံးစွဲခွင့်ကို တားမြစ်ထားလိုက်ပြီး ဆိုက်ဘာလုံခြုံရေးအရ ဖြစ်ကြောင်း အီးယူစက်မှုလုပ်ငန်းအကြီးအကဲ တီယာရီ ဘရတ်တန်က ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြောပါတယ်။

အဖွဲ့အစည်း အတော်များများလိုပဲ ဥရောပမှာလည်း ဆိုက်ဘာလုံခြုံရေးအပေါ် အာရုံစိုက်ထားပြီး လုပ်ဖော်ကိုင်ဖက်တွေကို အကာအကွယ်ပေးနေပါတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

TikTok နဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေ ရှိ မရှိ မေးမြန်းတာကိုတော့ အသေးစိတ်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

TikTok ကုမ္ပဏီဘက်ကလည်း ယခုလို ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပြီး ဒါဟာ လွဲမှားနေကာ အယူအဆ လွဲမှားမှုတွေအပေါ် အခြေခံနေတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Ref: BBC

………………………………..