ရေးဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြင်းထန်ဒဏ်ရာရ

0
2628

မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့အနီးတွင် မြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဥ် ဆက်တိုက်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဒေသခံတစ်ဦး မိုင်းနင်းမိရာမှ ဘယ်ဘက်ခြေထောက် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

မော့ကနင်းကျေးရွာနေ အသက် ၅၉ နှစ်အရွယ် ဦးညွန့်ဝေဆိုသူသည် မနေ့နံနက် ၉ ခွဲအချိန်ခန့်က ကြိုးတံတားချောင်းအနီးရှိ ၎င်းပိုင်ဆိုင်သည့်ခြံမှ စျေးဝယ်ထွက်လာစဥ် မြေမြှုပ်မိုင်းနင်းမိသွားခြင်းဖြစ်သည်။

“ခြံက ကြိုးတံတားချောင်းအနီးမှာ အဲဒီခြံကနေ စျေးထွက်ဝယ်ရင်းနဲ့ မိုင်းနင်းမိသွားတယ်။ ခြေထောက်တစ်ဖက်ထိသွားတယ်။ ဒီကြိုးတံတားချောင်းတဝိုက်မှာ ဒီတခါပါဆို ၄ ခါရှိသွားပြီး မိုင်း(နင်း)မိနေတာ၊ အသွားအလာတော့ သတိထားရမယ်” ဟု လမိုင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ဦးညွန့်ဝေ၏ ဘယ်ဘက်ခြေထောက် ပြင်းထန်ဒဏ်ရာရရှိပြီး လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် လမိုင်းဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံကြီးသို့  ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်ခန့်ကလည်း မော့ကနင်ကျေးရွာမှ အမျိုးသားတစ်ဦးကလည်း ဆိုင်ကယ်ဖြင့် ကြိုးတံတားကျေးရွာအနီးတွင် မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

အလားတူ ဇန်နဝါရီ ၃၀ ရက်နေ့က ကြိုးတံတားကျေးရွာအနီးတွင် ရေပိုက်လိုက်ပြင်နေသူလည်း မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်တောက်ခဲ့ရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

လမိုင်းမြို့ ကြိုးတံတားကျေးရွာအနီးတဝိုက်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့မှစပြီး မြေမြှုပ်မိုင်းနင်းမိသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ မြေမြှုပ်မိုင်းနင်းမိမှု ၄ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

လမိုင်းဒေသတွင် မြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် ဒေသခံတို့အကြား စိုးရိမ်ထိန့်လန့်မှုများဖြစ်ပွားနေပြီး ခြံအလုပ်လုပ်ကိုင်ရန်လည်း အခက်အခဲကြုံတွေ့နေကြရသည်။

မြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားနေသည့် ကြိုးတံတားကျေးရွာအနီးမှာ စစ်ကောင်စီတပ် စခန်းချထားသည့်နေရာတစ်ခုဖြစ်ပြီး ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အစည်းတို့က မကြာခဏ လာရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။