ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2675

ယခုအပတ်တွင် ရွှေဈေးမှာ အလှုပ်အခတ်ရှိခဲ့ပြီး ထိုင်းဘတ်ဈေးမှာ ကျရိပ်ပြခဲ့သည်။

အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ်သောင်းဂဏန်း အတက်အကျရှိခဲ့ပြီး ဘတ်ဈေးမှာ တဖြည်းဖြည်းအကျဘက်သို့ ရောက်နေခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

အလှုပ်အခတ်ရှိခဲ့သည့် ရွှေဈေး

အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း အတက်အကျရှိခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ်နှစ်သောင်းအထိ အတက်အကျရှိခဲ့သည်။

ဖေဖော်ဝါရီလ ၁၃ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းခွဲ ဈေးဖွင့်ခဲ့သည်။

ထိုနောက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် နှစ်ဆယ့်ရှစ်သိန်းခြောက်သောင်းဖြစ်သွားပြီး သောကြာနေ့တွင်မူ နှစ်ဆယ့်ရှစ်သိန်းလေးသောင်းဖြစ်သွားပြန်သည်။

ကျရိပ်ပြ ဘတ်ဈေး

ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် ကျရိပ်ပြနေခဲ့သည်။

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၅ ကျပ်ရှိခဲ့ပြီး နောက်ရက်များတွင် ပြားစွန်းစွန်း ကျလာခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၉၀ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အတက်အကျရှိသည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ စက်သုံးဆီဈေးမှာ နေ့စဉ်အတက်အကျရှိခဲ့ပြီး တစ်လီတာလျှင် ၃၀ ကျပ် အထိ ဈေးလှုပ်နေခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၂၄၀ ကျပ် မှ ၂၂၇၀ကျပ် အထိ အပြောင်းအလဲရှိခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၄၁၀ ကျပ်မှ ကျပ် ၃၂၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

အလှုပ်အခတ်ရှိခဲ့သည့် ရွှေဈေးမှာ လာမည့်အပတ်တွင် ကျရိပ်ပြလာနိုင်ကြောင်း ခန့်မှန်းရသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၈၄၂ ဒေါ်လာဈေးဖွင့်ထားပြီး ပြီးခဲ့သည့်အပတ်ထက် ၁၈၆၅ ပေါက်ဈေးရှိခဲ့သည်။

ကမ္ဘာ့ရွှေဈေးကျနေသော်လည်း ပြည်တွင်းရွှေဈေးမကျဘဲ တင်းခံနေသည့် အနေအထားဖြစ်သည်။

ရွှေကုန်သည်အချို့၏ လက်ဝါးကြီးအုပ်ချယ်လှယ်မှုကြောင့် ပြည်တွင်းရွှေဈေးမကျသော်လည်း ဈေးကွက်အတွင်း ဝယ်လိုအားနည်းနေသည့်အတွက် လာမည့်အပတ်တွင် ကျရိပ်ပြလာနိုင်ကြောင်း သုံးသပ်ရသည်။

ထိုကြောင့် လာမည့်အပတ် ပြည်တွင်းရွှေဈေးမှာ ကြီးမားသည့် ဈေးနှုန်းအပြောင်းအလဲမရှိသော်လည်း ကျရိပ်ပြလာနိုင်သည်။

ထိုင်းဘတ်ဈေးလည်း လာမည့်အပတ်တွင် ကျရိပ်ပြကာ လက်ရှိပေါက်ဈေးအတိုင်း အပြောင်းအလဲနည်းနည်းဖြင့် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

ယခုအပတ် ထိုင်းဘတ်ငွေ ပေါက်ဈေးမှာ တစ်ဘတ်လျှင် ၈၄ ကျပ် ဝန်းကျင်ရှိနေပြီး ကြီးမားသည့် အပြောင်းအလဲမဖြစ်မည့် အလားအလာမရှိနိုင်ပေ။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ရေနံပေါက်ဈေးမှာ ငြိမ်နေပြီး ဒေါ်လာငွေလဲနှုန်းမှာ အလှုပ်အခတ်မရှိပေ။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၆၅ ကျပ် ဝန်းကျင် ဈေးပေါက်နေသည်။

ထိုကြောင့် လာမည့်အပတ်တွင် ပြည်တွင်းစက်သုံးဆီဈေးမှာ လက်ရှိဈေးအတိုင်း တစ်လီတာလျှင် ၂၂၀၀ ကျပ်စွန်းစွန်းဖြင့် ဈေးဖွင့်နေမည်ဟု ခန့်မှန်းရသည်။