စစ်တပ်ရိက္ခာ သယ်လာသည်ဆိုသော ခရီးသည်ကားကို ပုလောကာကွယ်ရေးတပ် သတိပေးပစ်ခတ်

0
2746
ဓါတ်ပုံ - PRDF

စစ်တပ်ရိက္ခာများ သယ်ဆောင်လာသည်ဆိုသော ခရီးသည်တင်မှန်လုံကားတစ်စီးကို ပစ်ခတ်သတိပေးခဲ့ကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့(PRDF)က ယနေ့ထုတ်ပြန်လိုက်သည်။

စစ်တပ်ရိက္ခာသယ်နေသည့် ရွှေပုလဲသီခရီးသည်တင်ယာဥ်ကို ပုလောမြို့နယ်၊ကဒဲရွာအနီး ဇန်နဝါရီ ၂၆ ရက်နေ့နံနက် ၁၁ နာရီခွဲခန့်က သတိပေးပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပစ်ခတ်ရာတွင် ယာဉ်မောင်း၊ ယာဥ်နောက်လိုက်အပါအဝင် ခရီးသည်အားလုံးကို ကားပေါ်မှ ဆင်းခိုင်းပြီး လေကာမှန်ကို ပစ်ခတ်ခဲ့ကြောင်း၊ မှန်ကွဲစများကိုလည်း ပုလောကာကွယ်ရေးတပ်မှ ရှင်းလင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ်ရိက္ခာများ သယ်ဆောင်ခြင်းမပြုရန် အကြိမ်ကြိမ်သတိပေးခဲ့သည့်ကြားမှ ဆက်လက်လုပ်ဆောင်နေသည့်အတွက် ပစ်ခတ်ရခြင်းဖြစ်ကြောင်း လည်းဖော်ပြထားသည်။

ယာဥ်လိုင်းအား အပြင်းအထန်သတိပေးသည့်အနေဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ခရီးသည်များ စိတ်အနှောင့်အယှက်ဖြစ်ရသည့်အတွက် အနူးအညွတ်တောင်းပန်ကြောင်းနှင့် ယင်းယာဥ်လိုင်းအား ခရီးသွားပြည်သူများ အနေဖြင့် ရှောင်ကြဥ်ကြရန်လည်း တိုက်တွန်းကြောင်း ရေးသားထားသည်။

စစ်ကောင်စီတပ်ရိက္ခာ သယ်ယူသည်ဆိုခြင်းနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

မြိတ်-ပုလော ပြည်ထောင်စုလမ်းပေါ် ပုလောမြို့အနီးတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်နှစ်ခု ဖွင့်ကာစစ်ဆေးနေပြီး ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့မှလည်း ယင်းလမ်းပေါ်တွင် ရွှေ့လျားပုံစံဖြင့် စစ်ဆေးလျက်ရှိကြောင်း ယာဥ်မောင်းများ ထံမှသိရသည်။