လောင်းလုံးတွင် လောင်းကစားဝိုင်းကို  ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ဖမ်းပြီး လူအချို့ကိုရိုက်နှက်ပြစ်ဒဏ်ပေး

0
2664

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာက လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ဝင်ရောက်ဖမ်းဆီးကာ လူအချို့ကိုရိုက်နှက်ကာ ပြစ်ဒဏ်ပေးခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

ဆီအုန်း‌တောအတွင်း ပြုလုပ်နေသည့် လောင်းကစားဝိုင်းကို ဇန်နဝါရီလ ၂၇ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ဝင်ရောက်ဖမ်းဆီးစဉ် လောင်းကစားပြုလုပ်နေသူ အချို့ထွက်ပြေးသွားပြီး ၂၀ ဦးကို ဖမ်းမိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဖမ်းခံရသူများကို နောက်တစ်ကြိမ် လောင်းကစားထပ်မလုပ်ရန် အပြစ်ပေးသည့်အနေဖြင့် ခြေထောက်ကို ရိုက်နှက်ခဲ့ကြောင်း ရိုက်နှက်ခံရသူတစ်ဦးကို ကိုးကားပြီး အခြားဒေသခံတစ်ဦးကပြောသည်။

“ခြေသလုံးမှာ အရှိုးရာနှစ်ခုတွေ့တယ်။ ဝါးခြမ်းပြားနဲ့ရိုက်ထားတဲ့ပုံစံမျိုးပေါ့နော်။ သူတို့ပြောတာကတော့ အပြစ်ပေးတဲ့သဘောရိုက်တာပေါ့နော်။ ဒဏ်ရာက ကြီးကြီးမားမားတော့မဟုတ်ဘူး။ ကျောင်းမှာ ဆရာမရိုက်လို့ရတဲ့ ဒဏ်ရာမျိုးပဲပေါ့နော်” ဟု ၎င်းက‌ဆိုသည်။

ထုတ်ပြန်ချက်တွင်မူ ရိုက်နှက်ခဲ့သည့်အကြောင်းမပါဝင်ပေ။

လောင်းကစားပြုလုပ်နေသူတို့ထံမှ ငွေကျပ် ၁၂ သိန်းကျော်၊ ထိုင်းဘတ်ငွေ နှစ်ထောင်ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းငွေကြေးများကို တော်လှန်ရေးတွင် အသုံးချမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် မြို့နယ်အတွင်း လောင်းကစားဝိုင်းများမပြုလုပ်ရန်နှင့် လုပ်ဆောင်ပါက အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လောင်းလုံးမြို့နယ်အတွင်း ယခုလအတွင်း အနည်းဆုံးကျေးရွာသုံးရွာက လောင်းကစားဝိုင်းသုံးဝိုင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက်သတိပေးခဲ့ပြီးဖြစ်သည်။

သို့သော်မြို့နယ်အတွင်း အချို့ကျေးရွာများမှာ လောင်းကစားဝိုင်းများကို စည်းစည်းကားကားလုပ်နေဆဲဖြစ်သည်။

လောင်းလုံးမြို့နယ်ရှိ ပင်လယ်ကမ်းခြေ ကျေးရွာတစ်ရွာဖြစ်သည့် စမ်းလှမ်းရွာ သင်္ချိုင်းကုန်းအနီးတွင်မူ လောင်းကစားဝိုင်းများကို နေ့စဉ်ပြုလုပ်နေကြောင်း ဒေသခံအချို့ကပြောဆိုကြသည်။

လောင်းကစားဝိုင်းအပြင် အသေးစားတေးဂီတဖျော်ဖြေပွဲပင် ပါဝင်သေးကြောင်း ၎င်းတို့ကဆိုသည်။

စမ်းလှမ်းကျေးရွာတွင် အင်အားဆယ်ဂဏန်းရှိနိုင်သည့် စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားသဖြင့် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေနိုင်ခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။