ထိုင်းတွင် အိမ်စီးကားမှောက်ပြီး မီးလောင်၊ မြန်မာလုပ်သား ခြောက်ဦးဒဏ်ရာရ

0
2838

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် မြန်မာအလုပ်သမားများပါသော အိမ်စီးကားတစ်စီးသည် ယနေ့ (ဇန်နဝါရီ ၁၈) နံနက်ပိုင်းတွင် ကားမှောက်ပြီး မီးလောင်ကျွမ်းသဖြင့် ခြောက်ဦးဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ချွန်ဘူရီခရိုင် ဘန့်လမုတ်ဒေသ ပွန်ရွာ ပန်းခြံအနီးရှိ လမ်းပိုင်းတစ်နေရာတွင် ယနေ့နံနက် ၈ နာရီခွဲခန့်၌ ကားတိမ်းမှောက်မီးလောင်ကျွမ်း ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ယင်းနေရာသို့ ဒေသရဲတပ်ဖွဲ့၊ ပတ္တရားကယ်ဆယ်ရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များက ကူညီကယ်ဆယ်ရန်အတွက်ချက်ချင်းရောက်ရှိလာခဲ့ကြကြောင်း ဖော်ပြသည်။

အနီရောင်အိမ်စီးကားသည် လမ်းတွင် ဘေးစောင်းတိမ်းမှောက်နေကာ ကားတစ်စီးလုံး မီးလောင်ကျွမ်းနေပြီး အချိန် ၅ မိနစ်ခန့်ကြာအောင် ငြှိမ်းသတ်ခဲ့ရကြောင်း ရေးသားထားသည်။

ကားတစ်စီးလုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်နေချိန်တွင် ကားပေါ်တွင် လူမရှိနေခဲ့ကြောင်း ဖော်ပြသည်။

ကားမှောက်မှုကြောင့် မြန်မာအလုပ်သမား သုံးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ ၃ ဦးမှာ အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

၎င်းတို့ကို ကယ်ဆယ်ရေးအဖွဲ့က ကနဦးကုသမှုပေးခဲ့ပြီး ယင်းနောက် ဘန့်လမုတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါကားကို မြန်မာအမျိုးသမီးတစ်ဦးက မောင်းနှင်လာခြင်းဖြစ်ပြီး ကားပေါ်တွင် မြန်မာအလုပ်သမား ခြောက်ဦးလိုက်ပါလာခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် အလုပ်သို့ သွားနေခြင်းဖြစ်ပြီး လမ်းကွေ့အရောက်တွင် ကားအရှိန်မထိန်းနိုင်တော့ဘဲသစ်ပင်ကို ဝင်တိုက်ခဲ့ပြီးနောက် ဘေးစောင်းတိမ်းမှောက်သွားခဲ့ကာ အရှေ့အင်ဂျင်မှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမားများမှာ ကားအတွင်းမှ အလျင်အမြန် ထွက်ခဲ့ရပြီး ကားနှင့်ဝေးရာသို့ ထွက်ပြေးခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

Ref: Amarin News, AEC News Pattaya