မဲဆောက်တွင် အသက် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေး ကားတိုက်ခံရ

0
3099

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် မဲဆောက်ဒေသတွင် အသက် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး လမ်းဖြတ်ကူးစဉ် ပစ်ကပ်ကားနှင့် တိုက်မိပြီး အပြင်းအထန်ဒဏ်ရာရရှိကာ သတိမရရှိတော့ဘဲ မေ့မြောနေကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။

နှစ်သစ်ကူးနေ့ ဇန်နဝါရီလ ၁ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်တွင် မြန်မာမိန်းကလေးသည် ဈေးတွင် နှစ်သစ်ကူးလက်ဆောင်ဝယ်ရန်အတွက် မဲဆောက်-အုန်ဖန်း အမြန်လမ်းကို လမ်းလျှောက်ဖြတ်ကူးစဉ်တွင် အရှိန်ဖြင့်လာသော ပစ်ကပ်ကားနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကားတိုက်မှုဖြစ်သော နေရာသို့ မဲဆောက်ဆေးရုံမှ အရေးပေါ်ကားများရောက်ရှိလာခဲ့ရာ မိန်းကလေးသည် မီတာ ၁၀၀ ခန့်အထိ လမ်ဘေးသို့လွင့်သွားပြီး ဒဏ်ရာပြင်းထန်ကာ သတိမရတော့သည့် အခြေအနေဖြစ်နေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များမှ မဲဆောက်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း‌ ဖော်ပြထားသည်။

မြန်မာမိန်းကလေး၏ အမည်နှင့် နေရပ်ကို ဖော်ပြထားခြင်းမရှိသဖြင့် မသိရသေးပေ။

အနီးတွင် ပစ်ကပ်ကားနှင့်အတူ အသက် ၄၀ အရွယ် ကားမောင်းသမားကိုတွေ့ရှိခဲ့ရပြီး ကားတိုက်မှုကို ရှောင်ထွက်ပြေးခဲ့ခြင်းမရှိဘဲ တာဝန်ယူရန်အတွက် ရဲတပ်ဖွဲ့အလာကို စောင့်နေခဲ့ကြောင်း ကားသမား၏ ပြောကြားချက်ကို ဖော်ပြထားသည်။

ကားသမားသည် မဲဆောက်မှတစ်ဆင့် အမြန်လမ်းအတိုင်း မောင်းနှင်လာစဉ် မြန်မာမိန်းကလေး လမ်းဖြတ်ကူးသည်ကို တွေ့သော်လည်း အရှိန်ဖြင့်မောင်းလာခဲ့သဖြင့် ရှောင်ရန်ကြိုးစားသော်လည်း ဝင်တိုက်ခဲ့မိကြောင်း ဖြေကြားချက်ကို ရေးသားထားသည်။

မိန်းကလေး၏ အဒေါ်ဖြစ်သူက နှစ်သစ်ကူး အလုပ်နားရက်ဖြစ်သဖြင့် ကလေးနှင့်အတူ ဈေးသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး လမ်းဖြတ်ကူးစဉ်တွင် ကားတိုက်မှု ဖြစ်ပွားခဲ့ခြင်းဟုဆိုသည်။

ကျေးရွာတာဝန်ရှိသူများက အဆိုပါအမြန်လမ်းသည် လမ်းဖြတ်ကူးသူများနှင့် ကားသမားများ ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားလေ့ရှိပြီး ဈေးရှိနေသဖြင့် မြန်မာအလုပ်သမားများ လမ်းဖြတ်ကူးလေ့ရှိကြောင်း ပြောကြားသည်။

ရဲတပ်ဖွဲ့မှ ကားတိုက်မှုကို ဆက်လက်စုံစမ်းသွားမည်ဖြစ်ပြီး ဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

Ref: Matichon Online, CH 7 HD, CH 8