တိုက်ပွဲများဖြစ်နေ၍ တနင်္သာရီမြို့ရှိ ဒေသခံများ စစ်ဘေးရှောင်နေရ

0
2976
ဇန်နဝါရီလ ၁ ရက်နေ့ နေ့လယ် ၃ နာရီခန့်က တနင်္သာရီမြို့နယ် ဘန်းလမွှတ်ရွာတွင် လက်နက်ကြီးကျပြီး နေအိမ်တစ်လုံးမီးလောင်

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများပြန်ဖြစ်နေ၍ တနင်္သာရီမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေးရှောင် ထွက်ပြေးနေရသည်။

ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၆ နာရီခန့်က တနင်္သာရီမြို့၊ ဗောဓိကမ်းတံတားတွင် စစ်ကောင်စီတပ်သားတစ်ချို့ တိုက်ခိုက်ခံရပြီးနောက် နံနက် ၈ နာရီတွင် စစ်ကောင်စီတပ်များ ဘန်လောကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာကြောင်း ဒေသခံများကဆိုသည်။

ယင်းကြောင့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ဒေသခံများကဆိုသည်။

“တိုက်ပွဲက (မနေ့)နံနက်ကစဖြစ်တာ နေ့လယ် ၂ နာရီလောက်မှ အသံစဲတယ်။ ခြောက်မိုင်လမ်းဆုံနားမှာ ပိုကြမ်းတယ်။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်လို့အကုန်ထွက်ပြေးကြရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည့်အတွက် ဗောဓိကမ်း၊ ညောင်ပင်ကွင်း၊ ဘန်လော၊၆ မိုင်၊ ထုံတွန်နှင့် ပျို့အိုင် စသည့်ရွာများနေ ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း ဒေသခံများကပြောသည်။

“စစ်တပ်ဘက်က ၃ ဦးနဲ့ PDF ဘက်က ၁ ဦးကျတယ်ပြောသံကြားရတယ်။ စစ်တပ်က သိန်းတောဖက်ကို တက်သွားပြီ”ဟု အထက်ပါဒေသခံက ပြောသည်။

နှစ်ဖက်ထိခိုက်ကျဆုံးမှုကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

အလားတူ နှစ်သစ်ကူးညကလည်း စစ်ကောင်စီတပ်သားလေးဦး တနင်္သာရီမြို့နယ်၊ ကဒဲလိပ်ကျေးရွာအနီး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ယင်းနောက် စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးများဖြင့် တစ်နေကုန်ပစ်ခတ်ခဲ့သဖြင့် အမြှောက်တပ်ဝန်းကျင်ရှိ ဘန်းလမွှတ်၊ မော်တုံး၊လေးမိုင်၊ ရေခမ်းချောင်း၊ဖာနီ၊ ညောင်ပင်ကုန်းနှင့် ရမ်းဖိုကျေးရွာတို့ရှိပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသည်ဟု ဒေသခံများ ထံမှသိရသည်။

“ကျွန်မတို့က မနေ့စောစောကတည်းက ထွက်ပြေးနေရတာ ဒီနေ့စောစောကလည်း လက်နက်ကြီး လေးငါးချက်ပစ်သေးတယ်။ ဘန်းလမွတ်ရွာက အိမ်တစ်ဆောင်လည်း မနေ့ညနေက လက်နက်ကြီးကျပြီး မီးလောင်သွားတယ်”ဟု ထွက်ပြေးနေရသည့် အနောက်မော်တုံးရွာသူ ကပြောသည်။

တနင်္သာရီစစ်ဒေသခွဲ၊ကွပ်ကဲရေးအဖွဲ့မှလည်း ယခုနှစ်သည် စစ်အာဏာရှင်ပြုတ်ကျရေး အပြီးတိုက်ထုတ်မည့်နှစ်ဖြစ်သည့်အတွက် ပြည်သူများ စစ်ရေးသတိဖြင့် နေထိုင်ရန် ဇန်နဝါရီ ၁ ရက်နေ့က တိုက်တွန်းနှိုးဆော်ထားသည်။