ထားဝယ်တွင် ကွမ်းသီးခြောက်ဈေးကျ

0
3240

ထားဝယ်ခရိုင်တွင် ကွမ်းသီးခြောက်ဈေးကျနေကြောင်း ပွဲရုံအချို့နှင့် ဒေသခံတောင်သူအချို့ထံမှ သိရသည်။

ယခုနှစ် သီတင်းကျွတ်ကာလမှ အောက်တိုဘာလကုန်ထိ ကွမ်းသီးခြောက် တစ်ပိဿာလျှင် ကျပ် ၄၅၀၀ မှ ၅၀၀၀ အတွင်းဈေးရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကဆိုလျှင် တစ်ပိဿာလျှင် ၉၅၀၀ ကျပ်အထိ ဈေးကောင်းရခဲ့သည်။

ယခုအခါ တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၄၂၀၀ ကျပ်အထိသာ ဈေးရှိတော့ကြောင်း ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်မှ ကွမ်းသီးခြောက်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

“ကွမ်းသီးအဟောင်းတွေရှိသေးတော့ ဈေးက မတက်သေးဘဲဖြစ်နေတယ်။ Export ပိတ်ထားတယ်။ အခုက ရန်ကုန်လည်း မတင်ဖြစ်ဘူး။ ဒီအတိုင်းပဲ ဝယ်ပြီးတော့ပဲ ထားထားတယ်။ ရန်ကုန်မှာလည်း အရောင်းအေးတယ် ဆိုပြောတယ်၊ အရောင်းအဝယ်ပါးနေတယ်။ တမူးတွေဘက်က သွားလည်း မရဘဲကိုး” ဟု ၎င်းက ဆိုသည်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဖြစ်သည့် စစ်ကိုင်းတိုင်း တမူးနယ်စပ်ဂိတ်မှ တရားမဝင် အလုပ်သမားများ ဝင်ရောက်မှု မြင့်တက် နေသည်ဟုဆိုကာ နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ တမူး-မိုးရေးနယ်စပ်ဂိတ်ကို အိန္ဒိယဘက်က သုံးလ ပိတ်ကြောင်း မဏိပူရပြည်နယ်အစိုးရ ကြေညာထားသည်။

ယင်းနောက်ပိုင်းမှ စတင်ကာ ကွမ်းသီးခြောက်အရောင်းအဝယ် ဈေးကွက်အေးလာပြီး ဈေးထပ်ကျသွားခြင်း ဖြစ်ကြောင်း ပွဲရုံလုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ကွမ်းသီးခြောက်ဈေးကျဆင်းနေသည့်အပြင် အလုပ်သမားစရိတ်နှင့် ထုတ်လုပ်မှုစရိတ်များက မြင့်တက်နေခြင်း ကြောင့် တွက်ခြေမကိုက်ကြောင်း ဒေသခံတောင်သူအချို့က ပြောသည်။

“အခု ကွမ်းသီး ဆွတ်ခူးခ၊ ခွဲခ၊ လှမ်းခ၊ ထော့ခ၊ သယ်ခပိုးခနဲ့ဆို ကိုယ့်အတွက် သိပ်မကျန်ဘူး” ဟု သရက်ချောင်းမြို့နယ်မှ ကွမ်းသီးစိုက်တောင်သူတစ်ဦးက ပြောဆိုသည်။

ဈေးကောင်းမရသည့် ကာလတွင် သိုမထားနိုင်သည့် တောင်သူများမှာ လက်ရှိ စားသောက်စရိတ်နှင့် အလုပ်သမားခများ ရှင်းပေးရန်အတွက် ပေါက်သည့်ဈေးဖြင့်ပင် ရောင်းချရကြောင်း ဒေသခံအချို့က ဆိုသည်။

တမူးနယ်စပ်ဂိတ်အနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိသည်။