အင်းဝတောင်တွင် အလှူလုပ်နေချိန် တောင်တက်လမ်းတွင် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်

0
3225

လောင်းလုံးမြို့နယ်၊ သဲပုံရွာရှိ အင်းဝတောင် (ခေါ် ) ဘုရားတောင်ပေါ်တွင် ဒီဇင်ဘာလ ၁၈ ရက် ယနေ့ နံနက်ပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံလုပ်ငန်းရှင်တစ်ဦး၏ သိမ်အလှူတရားတော်နာနေချိန် တောင်အတက်လမ်းပိုင်းတစ်နေရာတွင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အလှူပွဲသို့ ရောက်ရှိနေသည့် ဒေသခံတစ်ဦးကပြောသည်။

“အသံက နှစ်ချက်ပဲ။ အသံဗုံးလို့ပဲ ယူဆနေကြတယ်။ ဘယ်သူမှတော့ ထိခိုက်တာမျိုးမရှိဘူး” ဟု ၎င်းကပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် အလှူပွဲသို့ရောက်လာကြသည့် ဒေသခံအချို့မှာ ထိတ်လန့် ခဲ့ကြသည်ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။

“ကားဘီး ပေါက်တယ်လို့အချင်းချင်း ပြောထားရတယ်။ တချို့ကလည်း တောင်အောက်ကို ပြန်ဆင်းသွားတယ်။ တချို့ကလည်း တည်တည်ငြိမ်ငြိမ်ပဲ တောင်ပေါ်မှာပဲ ရှိနေပြီး အခြေနေစောင့်ကြည့် နေတာမျိုးလဲရှိကြတယ်” ဟု ထိုဒေသခံကပြောဆိုသည်။

အဆိုပါပေါက်ကွဲမှု ဖြစ်ပွားသည့်အကြောင်းအရင်းကို မသိရသေးကြောင်း ဒေသခံတို့က ပြောသည်။

ယနေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်အထိ အလှူပွဲသို့လာရောက်သည့် ဒေသခံအချို့ မှာ တောင်ပေါ်တွင် အခြေနေစောင့်ကြည့်ပြီး ရှိနေကြဆဲဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

အလှူဖိတ်ကြားထားသူများနှင့် လာရောက်လည်ပတ်သူအပါဝင် ဒေသခံ တစ်ထောင်ဝန်းကျင်ခန့်ရှိပြီး အများစုမှာ လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့နယ်မှ ဒေသခံများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။