ကျွန်းစုတွင် တိုက်ပွဲ ဒုတိယအကြိမ်ထပ်ဖြစ်

0
3424

အာဏာသိမ်းပြီးနောက် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ကျွန်းစုမြို့နယ်၊ သဇင်ကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာတွင် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။

ဒုတိယအကြိမ်မြောက်အဖြစ် နိုဝင်ဘာလ ၂၉ ရက်တွင် ကျွန်းစုမြို့နယ်၊ ဂျိုးတောင်ရွာအနီး ၄၅ မိနစ်အကြာ တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း (၂) က ထုတ်ပြန်သည်။

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာမှ ပြန်လည်ဆုတ်ခွာလာသည့် ပျူစောထီး အပါအဝင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များက ဂျိုးတောင်ရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ မဟာမိတ်များဘက်ကမူ အထိအခိုက်မရှိကြောင်း ဖော်ပြသည်။

လယ်သစ်ကျေးရွာတွင် နိုဝင်ဘာလ ၂၅ မှ ရက်မှ ၂၇ ရက်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ခြောက်ဦးကျဆုံးပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဘက် ရဲဘော်တစ်ဦး လက်နက်ကြီးကျည်ထိမှန်ကာ ကျဆုံးခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၂) က ထုတ်ပြန်ထားသည်။

လယ်သစ်နှင့် ကျွန်းစုတိုက်ပွဲတွင် သေဆုံးခဲ့သူအများစုမှာ ကျွန်းစုမြို့နယ် ကျေးရွာဒေသခံ ပျုစောထီးများဖြစ်သည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ဆိုသည်။ သို့သော် Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ကျွန်းစုမြို့နယ်သည် မြိတ်ခရိုင်တွင် ပျူစောထီး အားအကောင်းဆုံး မြို့နယ်တစ်ခုဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။