မြိတ်-တနင်္သာရီလမ်း ညဖက် မသွားလာကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်

0
3000

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းအား ည ၈ နာရီမှ နံနက် ၄ နာရီအထိ ယာဉ်များ မောင်းနှင်သွားလာခြင်း မပြုကြရန် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာ ၂၆ရက် ထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၂၇ ရက် ညမှစတင်၍ သွားလာခြင်း မပြုကြရန် တားမြစ်ထားသလို နေ့ခင်းအချိန်ဖြတ်သန်းသွားလာသည့် ကုန်တင်ကားများအနေဖြင့် အမိုးအကာ တာလပတ်များ ဖုံးအုပ်ထားခြင်း မပြုကြရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မလိုက်နာဘဲ ဖြတ်သန်းသွားလာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်မယူကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ထုတ်ပြန်ချက် မထွက်ခင်အချိန်အထိ ယခုတားမြစ်ချက်ကို တစ်စုံတစ်ရာပြောင်းလဲသွားမည် မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။

သို့သော် မည်သည့်အကြောင်းအရင်းကြောင့် ယခုကဲ့သို့ တားမြစ်သည်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာသို့ စစ်ကြောင်းထိုးလာသည့် ပျူစောထီး အပါအဝင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များအကြား နိုဝင်ဘာလ ၂၅ ရက်မှစတင်ကာ ယနေ့ နိုဝင်ဘာလ ၂၇ရက်အထိ ၃ ရက်တိုင်တိုင် တိုက်ပွဲများဖြစ်ပေါ်နေသည်။

မြိတ် – တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တမုတ်ချုံးရွာမှ ပဝ၊ သရဖုံမှင့် လယ်သစ်အရှေ့ကမ်းသို့ ကားလမ်းဖြင့် သွားရောက်နိုင်သည်။

နိုဝင်ဘာ ၂၂ ရက်ည ၁၀ နာရီဝန်းကျင်က ကော့သောင်းမှ ရန်ကုန်ဖက်သို့သွားသည့် ခရီးသည်ကားနှစ်စီး ပုလောမြို့နယ် ကဒဲရွာအနီးတွင် မိုင်းဆွဲပစ်ခတ်ခံရပြီး ကားပေါ်ပါလာသည့် သံဃာတော်တစ်ပါး ကျည်ဆံထိမှန် ပျံလွန်ကာ သီလရှင်အပါအဝင် အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းနောက် ပုလော – မြိတ် – ထားဝယ် ပြည်ထောင်စုလမ်းပိုင်းလည်း ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ယာဉ်များ ဖြတ်သန်း မသွားလာကြရန် ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူက မီဒီယာအချို့တွင် ပြောဆိုထား သည်။