တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3567

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၃၁ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့အထိ

စစ်ဘေးရှောင်ကလေးငယ် ငါးသိန်းကျော်သွားပြီ

မြန်မာနိုင်ငံတွင် လက်နက်ကိုင်တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၁ ဒသမ ၄သန်းရှိရာတွင် ကလေးငယ် ငါးသိန်းနှစ်သောင်းကျော်ပါဝင်ကြောင်း ကလေးသူငယ်စောင့်ရှောက်ရေး နိုင်ငံတကာအဖွဲ့တစ်ခုဖြစ်သည့် Save The Children အဖွဲ့က နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာ ထွက်ပြေးရသူမှာ ၁ ဒသမ ၁သန်း ကျော်ရှိပြီး ကျန်ဒုက္ခသည် သုံးသိန်းကျော်မှာ အာဏာသိမ်းမှု မတိုင်ခင်ကပင် ဖြစ်သည်ဟု ဆိုသည်။ ယင်း ၁ ဒသမ ၁ သန်းကျော်တွင် ကလေးငယ် လေးသိန်းခုနစ်ထောင်ကျော် ပါဝင်ကြောင်း Save the Children ထုတ်ပြန်သည်။

ယင်းအနက် နှစ်သိန်းခြောက်သောင်းကျော်မှာ ပြီးခဲ့သည့်ခြောက်လတာကာလအတွင်း ထွက်ပြေးတိမ်းရှောင်နေရ သူများဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

စစ်ဘေးရှောင်ဒုက္ခသည်များသည် တောတောင်ထဲတွင် ယာယီတဲများနှင့် နေထိုင်နေရပြီး အစာရေစာ ပြတ်လပ် မှုများနှင့် ရင်ဆိုင်နေကြကြောင်း ဖော်ပြသည်။ ယင်းအပြင် ကျန်းမာရေးချို့တဲ့မှု၊ လူကုန်ကူးမှုအန္တရာယ်များနှင့်လည်း ကြုံနေရကြောင်း ထုတ်ပြန်ထားသည်။

ကလေးငယ်များသည် နေ့စဉ်နှင့်အမျှ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် မြန်မာနိုင်ငံက ကလေးငယ်များ အရေးကို ကမ္ဘာကြီးက မေ့မထားကြရန် Save The Children ၏ အာရှရေးရာဒါရိုက်တာ Oliver Franchi က သတိပေးသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကလည်း မြန်မာ့အရေး၊ ကလေးငယ်များ အရေးအတွက် ဖြေရှင်းအကာအကွယ်ပေးနိုင်မည့်ဆုံး ဆုံးဖြတ်ချက်များကို ချမှတ်ကာ တိတိကျကျ လုပ်ဆောင်ရန် ၎င်းက တိုက်တွန်းသည်။

………………………………..

ထောင်ဝင်စာ ပါဆယ်ပို့ခွင့်ပြန်ရ၊ လူတန်းရှည်စောင့်ရ

ဓာတ်ပုံ – RFA

ရန်ကုန် အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုကြောင့် အကျဉ်းထောင်များကို ထောင်ဝင်စာပါဆယ်ပို့ခွင့် ပိတ်ထားရာမှ အောက်တိုဘာလ ၃၁ ရက်တွင် တင်းကျပ်သည့် စည်းမျဉ်းများနှင့်အတူ ပြန်လည်ပို့ခွင့်ပြုခဲ့သည်။

၁၀ ရက်ကျော်ကြာ ပိတ်ထားရာမှ ပြန်လည်ခွင့်ပြုချိန်တွင် ထောင်ဝင်စာပါဆယ်ပို့သူများခြင်း၊ ပါဆယ်များကို စိစစ်စစ်ဆေးမှုများ တင်းကျပ်လာသဖြင့် အကျဉ်းသား၊ အချုပ်သားများထံ ထောင်ဝင်စာ ပါဆယ်လာသည့် မိသားစုဝင်များ ထောင်ရှေ့တွင် တန်းစီစောင့်ဆိုင်းကြရသည်။

အင်းစိန်ထောင်တွင် ပါဆယ်လာပို့သည့် မိသားစုဝင်များသည် မိမိအလှည့်ရောက်ရန် နေပူအောက်တွင် နာရီနှင့်ချီ ကြာအောင် လူတန်းရှည်ဖြင့် တန်းစီစောင့်ဆိုင်းနေကြရသည်ကို တွေ့ရသည်။

လုံခြုံရေးတင်းကျပ်ထားသည့်အပြင် ဗုံးပေါက်ကွဲမှု မတိုင်ခင်ကထက် အစစ်အဆေး အလွန်များသဖြင့် အချိန်ကြာမြင့် သောကြောင့် တန်းစီစောင့်ဆိုင်းရခြင်းဖြစ်ကြောင်း ထောင်ဝင်စာပို့သူများက ပြောဆိုထားသည်။

အကျဉ်းသား၊ အချုပ်သားများသည် ထောင်ဝင်စာပါဆယ်များကို မှီခိုကာ စားသောက်နေရခြင်းဖြစ်ပြီး ပါဆယ်ပို့ခွင့် ပိတ်ထားသည့်ကာလတွင် စားရေးသောက်ရေး များစွာအခက်အခဲ ကြုံတွေ့ခဲ့ရဟုဆိုသည်။

အင်းစိန်ထောင် ထောင်ဝင်စာပါဆယ်လက်ခံသည့် အဆောက်အအုံတွင် အောက်တိုဘာလ ၁၉ ရက်က ပါဆယ်ဗုံး နှစ်လုံးပေါက်ကွဲသဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအပါအဝင် ရှစ်ဦးသေဆုံးပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းနေ့တွင်ပင် အကျဉ်းထောင်များတွင် ထောင်ဝင်စာ ပါဆယ်ပို့ခွင့် ပိတ်လိုက်ခြင်းဖြစ်သည်။

………………………………..

အရပ်ဖက်လေယာဉ်သုံးဆီကို စစ်ဖက်တွင် သုံးနေသည်ဟု AI ပြော

မြန်မာနိုင်ငံတွင် အရပ်ဖက်တွင် အသုံးပြုရန် တင်ပို့ပေးသည့် လေယာဉ်ဆီများကို စစ်ဖက်တွင် အသုံးပြုခွင့် ရရှိနေကြောင်း AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က နိုဝင်ဘာလ ၃ရက်က ထုတ်ပြန်သည်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ကို လေယာဉ်ဆီ လွှဲပေးထောက်ပံ့နေသည့် ကုမ္ပဏီများကို ဖော်ထုတ် ရေးသားသည့် ယင်းအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးနေကြရသဖြင့် စစ်ကောင်စီထံ လေယာဉ်ဆီ ရောင်းချ ပို့ဆောင်မှုကို ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံတကာကလည်း တားဆီးပိတ်ဆို့မှုများလုပ်ရန် AI က တိုက်တွန်း ထားသည်။

စစ်ဖက်သို့ လေယာဉ်ဆီ ပို့ပေးရာတွင် စင်ကာပူအခြေစိုက် စက်သုံးဆီကုမ္ပဏီ Puma ၏ မြန်မာကုမ္ပဏီက အစိုးရပိုင် ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ခဲ့သည်ဟု ဂြိုဟ်တုမှရရှိသည့် အချက်အလက်မှတ်တမ်းများကို ကိုးကားပြီး AI က ဆိုသည်။

Petro China ကုမ္ပဏီပိုင် Singapore Petroleum Company နှင့် ထိုင်းနိုင်ငံ PTT Public Company ပိုင် Thai Oil ကုမ္ပတို့ကလည်း လေယာဉ်ဆီ ပို့ဆောင်ခဲ့ကြောင်း AI က ပြောသည်။

Puma Energy ကုမ္ပဏီကမူ မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုအားလုံးကို ရောင်းချလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်က ထုတ်ပြန်ကြေညာထားသည်။

………………………………..

ထောင်ဒဏ် နှစ်ရာချီ ချမှတ်ခံရသူများ

စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သူများအား ထောင်ဒဏ် နှစ်ရာချီပြီး ချမှတ်ခြင်းများ ရှိလာသည်။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က NLD တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အသက် ၅၂နှစ်အရွယ် ဦးဝင်းမြင့်လှိုင်ကို စစ်ကောင်စီ၏ မကွေးခရိုင်တရားရုံးက ထောင်ဒဏ် ၁၇၃ နှစ်အထိ ချမှတ်ထားပြီဖြစ်သည်။

စစ်ကောင်စီတပ်က ၎င်းကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၈ ရက်က ရှမ်းပြည်နယ် ရပ်စောက်မြို့တွင် ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ် လေးခု အမှု ၁၄ခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ပုဒ်မ သုံးခုဖြင့် အမှုခြောက်မှုအတွက် ထောင်ဒဏ် ၂၅နှစ်ချမှတ်ထားပြီး အောက်တိုဘာလ ၃၁ ရက်တွင် ကျန်ပုဒ်မ တစ်ခုဖြင့် စွဲဆိုထားသည့် အမှုရှစ်မှုအတွက် ထောင်ဒဏ် ၁၄၈ နှစ် ထပ်ချသဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၇၃ နှစ် ရှိလာခြင်းဖြစ်သည်။

ထောင်ဒဏ် နှစ် ၂၀၀ ကျော်ချမှတ်ခံရသူလည်းရှိသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲခံထားရသည့် မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) အဖွဲ့ဝင်နှစ်ဦးကိုလည်း အောက်တိုဘာလထဲတွင် မိထ္ထီလာအကျဉ်းထောင်တွင်းတရားရုံးက အမိန့်ချမှတ်ခဲ့သည်။

အသက် ၃၀အရွယ် ကိုကျော်သက်ကို အလုပ်နှင့်ထောင်ဒဏ် ၂၂၅နှစ်နှင့် သေဒဏ်ပါ ချမှတ်လိုက်ပြီး အသက် ၃၆နှစ်အရွယ် ကိုနှင်းမောင်ကိုမူ အလုပ်နှင့် ထောင်ဒဏ် ၉၅နှစ်နှင့် သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများကို ကိုးကားကာ RFA သတင်းတစ်ရပ်တွင် ဖော်ပြသည်။ 

………………………………..

သတင်းသမားများကို သတ်ဖြတ်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသည့် မြန်မာ

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် သတင်းမီဒီယာသမားများ သတ်ဖြတ်ခံရသော်လည်း ပြစ်မှုကျူးလွန်သူများ အရေးယူခံရမှုက ကင်းလွတ်နေသည့် ကမ္ဘာ့နိုင်ငံ ၁၁နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံ ပထမဆုံးအကြိမ်ပါဝင်လာသည်။

နယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ထုတ်ပြန်သည့် တရားခံများ အရေးယူခံရမှုက လွတ်ကင်းနေသည့် ကမ္ဘာလုံးဆိုင်ရာအညွှန်းကိန်းအဆင့်တွင် မြန်မာနိုင်ငံက ပါဝင် လာခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်အတွက် ထုတ်ပြန်သည့်အညွှန်းကိန်းကို CPJ က နိုဝင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် သတင်းသမား အနည်းဆုံး သုံးဦးသတ်ဖြတ်ခံရပြီး ၎င်းတို့တွင် ဆန္ဒပြပွဲများကို မှတ်တမ်း ရိုက်ကူးနေစဉ် ဖမ်းဆီးခံရပြီးချိန်တွင် သေဆုံးခြင်းဖြစ်ကြောင်း CPJ က ထုတ်ပြန်သည်။

ယင်းအပြင် သတင်းသမား အများအပြားမှာ ဖမ်းဆီးထောင်ချခံထားရပြီး သတင်းဌာန ၁၄ခုထက် မနည်းကိုလည်း စစ်ကောင်စီက ပိတ်သိမ်းထားသည်။

သတင်းသမားများကို ဖမ်းဆီးထောင်ချသည့် အဆိုးရွားဆုံး နိုင်ငံစာရင်းတွင်လည်း မြန်မာသည် အဆင့် ၈ တွင် ရပ်တည်နေကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

………………………………..

ဧရာဝတီသတင်းဌာန လိုင်စင်သိမ်းခံရ

ဧရာဝတီသတင်းဌာန၏ သတင်းမီဒီယာလုပ်ငန်းလိုင်စင်နှင့် ထုတ်ဝေခွင့်တို့ကို အောက်တိုဘာလ ၂၆ ရက်မှစတင်ပြီး ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကြေညာသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ခ) ပါ စည်းကမ်းချက်ကို မလိုက်နာဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာတွေကို ရေးသား ထုတ်လွှင့်ခဲ့သည်ဟုဆိုကာ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ 

ကျိုက်ထီးရိုးတောင်ခြေ ပစ်ခတ်မှုဖြစ်စဉ်အပေါ် သတင်းဖော်ပြချက်နှင့်ပတ်သက်၍လည်း ဧရာဝတီသတင်းဌာနနှင့် ဘီဘီစီမြန်မာပိုင်းသတင်းဌာနတို့ကို စစ်ကောင်စီက အောက်တိုဘာလအတွင်း တရားစွဲဆိုထားသေးသည်။

အာဏာသိမ်းပြီးနောက် သတင်းဌာန ၁၄ခုထက် မနည်းနှင့် စာပေပုံနှိပ်တိုက် ခုနစ်ခုထက် မနည်းတို့ကို စစ်ကောင်စီက လုပ်ကိုင်ခွင့်၊ ထုတ်ဝေခွင့်များ ပိတ်သိမ်းခဲ့သည်။

………………………………..

ပြည်သူထိခိုက်သေဆုံးမှုများသည့် ကျောက်တော်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရသဖြင့် ယခုသီတင်းပတ်အတွင်း ပြည်သူ ခြောက်ဦးသေဆုံးပြီး ၃၀ခန့် ထိခိုက်ဒဏ်ရာရကြောင်း ဒေသတင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။

အောက်တိုဘာလ ညည့်အချိန်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ပီစိကျေးရွာတွင် ကျရောက် ပေါက်ကွဲသဖြင့် သားဖသုံးဦး သေဆုံးသွားသည်။

အသက် ၄၀ကျောအရွယ် ဇနီးမောင်နှံနှင့် သမီးဖြစ်သူ အသက် ၁၄နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသူ တို့ သေဆုံးခြင်းဖြစ်သည်။ မိသားစုဝင် လေးဦးရှိသည့်အနက် သုံးဦး သေဆုံးသွားခြင်းဖြစ်ပြီး မလေးရှားတွင် အလုပ်လုပ်နေသည့် သားဖြစ်သူသာ ကျန်ရစ်ခဲ့တော့သည်။

နိုဝင်ဘာလ ၄ ရက်နေ့ဖြစ်စဉ်တွင် သေဆုံးဒဏ်ရာရသူများသည်။ စစ်တွေမှ ကုလားတန်မြစ်အတိုင်း စစ်ကောင်စီ ရေယာဉ်နှစ်စီး မောင်းနှင်လာစဉ် ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်ခဲ့သည်။ ယင်းနောက် ယင်းရေယာဉ်ပေါ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ဒေသခံတို့က ပြောဆိုထားသည်။

ကျေးရွာ ခုနစ်ရွာသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် သုံးဦးသေဆုံးကာ ၂၆ ဦး ဒဏ်ရာရကြောင်း ဒေသတင်း သတင်းဌာနတစ်ခုဖြစ်သည့် နိရဉ္စရာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ သေဆုံးရာတွင် ၈နှစ်အရွယ် ကလေးငယ် တစ်ဦးပါဝင်ကြောင်းလည်း ဖော်ပြသည်။

………………………………..

မန္တလေးမီးလောင်မှု နေအိမ် ၄၀ကျော်ပျက်စီးဆုံးရှုံး

မန္တလေး ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ်ကွက်တွင် မီးလောင်မှုကြောင့် နေအိမ် ၄၂လုံး ပျက်စီးဆုံးရှုံးပြီး တန်ဖိုးအားဖြင့် ကျပ်သိန်း ခုနစ်ရာကျော် ဆုံးရှုံးကြောင်း တိုင်းမီးသတ်ဦးစီးဌာနထံမှ သိရသည်။

နိုဝင်ဘာလ ၃ရက် ည ၅နာရီခန့်တွင် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး Level 2 အဆင့်ဖြင့် ငြိမ်းသတ်ခဲ့ရကာ ည ၈နာရီကျော်တွင်သာ မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟုဆိုသည်။ ယင်းမီးလောင်မှုတွင် အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၆၀ကျော်အရွယ် အမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာ ရရှိခဲ့သည်။

မီးလောင်ရသည့်အကြောင်းအရင်းကိုမူ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ခြင်း မရှိသေးပေ။

………………………………..

ကလေးငယ် ၅၀ နီးပါး အစာအဆိပ်သင့်

ရန်ကုန်က မူလတန်းကျောင်း တစ်ကျောင်းတွင် ကလေးငယ် ၄၉ ဦး အစာအဆိပ်သင့်ကြောင်း သတင်းဌာနများတွင် ဖော်ပြသည်။

သာကေတမြို့နယ် အမှတ် (၂၉) မူလတန်းကျောင်းတွင် နိုဝင်ဘာလ ၂ ရက်နေ့က ကလေးတစ်ဦး၏ မွေးနေ့ပွဲအဖြစ် ကျွေးသည့် ကြာဇံကြော်ကို စားပြီးနောက် မူးဝေအော့အန်ကြသဖြင့် ကလေးငယ်များကို ရန်ကင်းကလေးဆေးရုံနှင့် ဟယ်လ်ပင်ဆေးရုံတို့ကို ပို့ဆောင်ပေးခဲ့ရသည်ဟု ဆိုသည်။

ကျောင်းတွင်လှူဒါန်းပြီး ပိုလျှံသည့် ကြာဇံကြော်များကို ရပ်ကွက်ထဲတွင် လှူဒါန်းခဲ့သဖြင့် ရပ်ကွက်ထဲက သုံးဦးလည်း အစာအဆိပ်သင့်ခဲ့သေးကြောင်း RFA သတင်းတစ်ရပ်တွင် ဖော်ပြသည်။

………………………………..

လုပ်ခတိုးတောင်းသဖြင့်အလုပ်ထုတ်ခံရသည့် Adidas ဖိနပ်ချုပ်စက်ရုံ လုပ်သားများ

ကုန်ဈေးနှုန်းအဆမတန် ခုန်တက်သွားသောကြောင့် နေထိုင်စားသောက်ရန် မလောက်ငှတော့သဖြင့် လုပ်ခလစာ တိုးမြှင့်ပေးရန် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က မြန်မာပေါင်ချိန်စက်ရုံက အလုပ်သမားတစ်ထောင်ကျော် တောင်းဆိုကြသည့်အနက် ၂၉ ဦးမှာ အလုပ်ထုတ်ခံလိုက်ရသည်။

မြန်မာပေါင်ချိန်စက်ရုံသည် ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Adidas ဖိနပ်များကို ချုပ်လုပ်ပေးနေသည့် စက်ရုံဖြစ်ကြောင်း ဧရာဝတီမြန်မာပိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ အလုပ်သမား ၂၉ ဦးကို ခွင့်မဲ့ သုံးရက်ဆက် အလုပ်ပျက်ကွက်သည်ဟု စက်ရုံဘက်က အကြောင်းပြကာ အလုပ်ထုတ်လိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

အလုပ်သမားများကမူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ထံ စာရေးသား ပေးပို့ထားသလို အလုပ်ပြန်ခန့်ရေး၊ လုပ်အားခ တိုးပေးရေးအတွက် စက်ရုံဘက်က ပိတ်ပင်တားဆီးသည့် ကြားကပင် ဆန္ဒပြတောင်းဆိုနေကြဆဲဖြစ်ကြောင်း ပြောဆိုထားသည်။

လက်ရှိတစ်ရက် အနည်းဆုံး လုပ်ခ ကျပ် ၄၈၀၀ မှာ အလုပ်သမားများ နေထိုင်စားသောက်ရန် အဆင်မပြေတော့သဖြင့် ကျပ် ရှစ်ထောင်သို့ တိုးမြှင့်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

………………………………..