အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
715

အခန်း(၁၁)

“ရှင်က ဘယ်သူလဲ ကိုမိုးကျော်”

“ကျွန်တော်က ကျွန်တော်ပဲလေ..စီစီရဲ့..ဘာဖြစ်လို့လဲ”

“မနေ့က ကျွန်မတို့ ရုပ်ရှင်ကြည့်ပြီး ပြန်ထွက်လာတော့ ရုံရှေ့မှ သတင်းတွေကြားရတယ်..လက်မှတ်မှောင်ခိုသမား တစ်ယောက်ကို ရိုက်သွားလို့တဲ့…မိုးကျော်တို့အုပ်စု လုပ်လိုက်တာလို့လည်း ပြောသံကြားရတယ်…အဲ့ဒါ ရှင်မဟုတ်လား”

“ဟာဗျာ..မိုးကျော်ဆိုတဲ့ နာမည်တွေက ရန်ကုန်မှာ မှိုလိုပေါက်နေတာပါ… ဘယ့်နှယ့်..မဟုတ်တာတွေ..စီစီရယ်”

“အင်းပါ..ကိုမိုးကျော်ရယ်….ကျွန်မ ရှင့်ကို စိတ်ပူလို့ပါ”

မိုးကျော် ပြုံးလိုက်သည်။

ဦးလူနီ လမ်းထိပ်အရောက်တွင် ဆိုင်ကယ်ကို ဘရိတ်စောင့်အုပ်ရပ်လိုက်သဖြင့် စီစီ ၏ ကိုယ်လုံးအိအိလေးက မိုးကျော်၏ ကျောကုန်းထံသို့ ပြိုဆင်းလာသည်။

“အိ”ခနဲ အထိ တွင် မိုးကျော် တစ်ကိုယ်လုံး လျှပ်စီး မိ သလိုဖြစ်သွားသည်။

“ဘာလို့ အရမ်း စောင့်ရပ်လိုက်ရတာလဲ”

“ဟိုမှာ ကိုယ့်သူငယ်ချင်းတစ်ယောက်တွေ့လိုက်လို့..စီစီ ကို အိမ်ရှေ့ထိ လိုက်မပို့တော့ဘူးနော်…ကျွန်တော်ကိစ္စလေးရှိလာလို့”

“အွန်းဘာ”

စီစီက မိုးကျော်ခါးကို ဖက်ထားသော လက်ကို လွှတ်လိုက်ပြီး ဆိုင်ကယ်ပေါ်မှ ဆင်းသွား၏။

မိုးကျော်က သူ့ရှေ့မလှမ်းမကမ်းတွင် ရပ်နေသော ဒေါ့ဂျစ်ကား ဆီသို့ ဆိုင်ကယ်ကို မောင်းသွားလိုက်သည်။

“ဘာဖြစ်လို့လဲ..ဧရာ”

“အကို ဆိုင်ကယ်တစ်နေရာမှာထားခဲ့တော့ ပြဿနာတက်နေပြီ”

“ဘာဖြစ်လို့လဲဟ”

“ဟိုကောင် ကြေးမုံ…ခါးကုန်းမောင်မောင်ရဲ့ ဘိလိယက်ခုံကို တစ်ယောက်တည်းသွားတယ်တဲ့”

“ဟေ”

“ရေခဲတို့ အုပ်စုနဲ့တွေ့ရင် ရှုပ်ကုန်မယ်..ကိုမိုးကျော် လိုက်လာမှ ဖြစ်မယ်”

“အကိုကြီးရော ဒီကိစ္စကို သိလား”

“ကိုကျော်ဝင်း ကတော့ ကိုအီဆာတိုညီအစ်ကိုကို လွှတ်လိုက်တယ်..ပြဿနာမဖြစ်အောင် ကြေးမုံကို မရရတဲ့ နည်းနဲ့ ပြန်ခေါ်ခဲ့တဲ့”

“ဒီကောင်ကတော့ မြွေပဲကွာ…ငါ ရှေ့က လက်ဖက်ရည်ဆိုင်မှာ ဆိုင်ကယ်ခဏထိုးခဲ့မယ်..သွားကြစို့”

ရွှေဂုံရုပ်ရှင်ရုံအနောက်ဖက် မြေကွက်လပ်ရှိ ဘိလိယက်ခုံ။ နောက်ကွယ်က သူဌေးမှာ ရုပ်ရှင်သူဌေးတစ်ဦးဖြစ်ပြီး ခါးကုန်းမောင်မောင်က မန်နေဂျာနေရာမျိုးယူကာ အကာအကွယ်ပေးထားခြင်းဖြစ်သည်။

ဘိလိယက်ထိုးရင်း မန္တလေးဘီယာမှာသောက်လို့လည်း ရသည့်နေရာ။

ထိုနေရာတွင် ခါးကုန်းမောင်မောင် နှင့် ရေခဲ တို့ အုပ်စုများ စတည်းချလေ့ရှိသည်။

ဘိလိယက်ခုံရှေ့သို့ ကြေးမုံက ဆိုင်ကယ်ကို ထိုးရပ်လိုက်သည်။

ထို့နောက် ဆိုင်ကယ် လက်ကိုင်တွင် ချိတ်လာသော ခွေးခြေခုံကိုဖြုတ်သည်။

ဘိလိယက်ခုံ အဝသို့ ရောက်သောအခါ ရုံစောင့်အား တိုးတိုးကပ်မေးလိုက်၏။

ရုံစောင့်က ရေခဲ ကို ညွှန်ပြသည်။

ရေခဲသည် ဘိလိယက်ထိုးနေရင်း သူ့အလှည့်မကျသေးသဖြင့် မန္တလေးဘီယာတစ်ပုလင်းကို ဇိမ်ခံသောက်နေသည်။

ရေခဲ၏ ဘေးတွင် ရေခဲ၏ အချစ်တော် ညိုညို ရှိသည်။

စိုပြည်ဝင်းပ၊ အပြုံးလှလှ၊ အပြောကြွယ်ကြွယ် ညိုညိုသည် ရေခဲ ထိုးမည့် ကျူတံထိပ်ဖျားကို ချော့ နှင့် ပွတ်ပေးရင်း စကားတီတီတာတာ‌ပြောနေသည်။

ကြေးမုံက သူတို့ စားပွဲဝိုင်းရှိရသို့ တန်းတန်းမတ်မတ်လျှောက်သွားသည်။

ထို့နောက် အိပ်ထဲမှ ရုပ်ရှင်လက်မှတ်နှစ်စောင်ကို ထုတ်လိုက်ပြီး ညိုညို ရှေ့ စားပွဲသို့ ပစ်ချလိုက်သည်။

“ဒီမယ်..အမ..သမ္မတရုံမှာ ဒီနေ့ကားအသစ်တင်တယ်…ကျုပ်နဲ့အတူကြည့်ရင် လိုက်ခဲ့”

ရုတ်တရက် ဝင်လာသော ကြေးမုံကို ရေခဲက မျက်မှောင်ကြုံ့ကြည့်လိုက်သည်။

ထို့နောက် ညိုညို လက်ထဲမှ ကျူတံကို ဖြတ်ခနဲ ဆွဲယူလိုက်၏။

အနီးအနားရှိ ရေခဲလူများက ဝုန်းခနဲ ထဝိုင်းလိုက်ကြသည်။

“ခဏနေဦး…ကိုရေခဲ..ရော့..ဒီမှာ ခွေးခြေခုံ”

ကြေးမုံ၏ အပြုအမူကြောင့် ရေခဲကြောင်သွားသည်။

“မင်းဘယ်သူလဲ..ဘာတွေလာလုပ်နေတာလဲ”

“ကျုပ် ကြေးမုံပဲ….မနေ့က သွင်ရှေ့မှ ခင်ဗျားလူ သောင်းတင်က ကျုပ်အမတွေကို အဲ့ဒီလို စောက်ချိုးမျိုးချိုးတယ်..ကျုပ်က ခွေးချေခုံနဲ့ ရိုက်ပစ်လိုက်တယ်…ရော့…အခု ခင်ဗျားအလှည့်….ရိုက်ချင်ရင် ရိုက်…ဒါဆို ဘဲစားဘဲကြေပဲ..ပြီးမှ ထပ်ရှင်းကြတာပေါ့”

ကြေးမုံက ခုံကို ရေခဲရှေ့သို့ ပစ်ချပေးလိုက်ပြီး ခေါင်းကို ထိုးခံလိုက်သည်။

“နေဦး..ရေခဲ”

ဘိလိယက်ခုံ အနောက်ဖက်ခန်းထဲမှ လူတစ်ဦးထွက်လာသည်။

သူကား ခါးကုန်းမောင်မောင်။

ခါးကုန်းမောင်မောင်က ခန္ဓာကိုယ်သန်စွမ်းသူမဟုတ်ပဲ ခါးကရှေ့သို့ ကုန်းနေသည်။ သို့သော် လက်စလက်နရှိသူများ တပည့်တပန်းများပေါများသည်။

ရံဖန်ရံခါ ရုပ်ရှင်သရုပ်ဆောင်ပင် ဝင်လုပ်လေ့ရှိသည်။ လူမိုက်ဟုဆိုသော်လည်း သရုပ်ဆောင်ရာတွင် နာမည်ကျော်သဖြင့် သူ့ပရိသတ်နှင့်သူဖြစ်သည်။

လွန်ခဲ့သည့်နှစ်များအတွင်း လူမိုက်လောက သို့ တိုက်ရိုက်ပတ်သတ်ခြင်းမရှိတော့သော်လည် ရေခဲ ကဲ့သို့သော လူမိုက်လက်သစ်များအပေါ် သြဇာလွှမ်းမိုးထားဆဲပင်ဖြစ်သည်။

“ချာတိတ်ကိုတော့ သဘောကျပြီဟေ့..ဟားဟား..ဟားဟား”

ခါးကုန်းမောင်မောင်က သူ့ထုံးစံအတိုင်း အသံအက်ကွဲကွဲကြီးဖြင့် အော်ရယ်သည်။

ထို့နောက် ကြေးမုံနှင့် ရေခဲတို့ ကြားသို့ ဝင်လိုက်ပြီး ခွေခြေကို ယူပြီး ဆွဲထိုင်လိုက်သည်။

“ရေခဲ..မင်းညိုညို ကို ဒီကောင်လေးက သူနဲ့ ရုပ်ရှင်အတူကြည့်မလားခေါ်တော့ မင်း သူ့ကို ရိုက်ချင်သွားတယ်မဟုတ်လား”

ရေခဲက ခေါင်းညိတ်ပြသည်။

“အေး..မနေ့ကလည်း မင်းကောင် သောင်းတင်ကို ဒီ‌ကောင်လေး ဘယ်လောက်ရိုက်ချင်နေမလဲ.. မင်းကိုယ်ချင်းစာဟ”

“ဟုတ်..ကိုမောင်ကြီး”

“မင်းနဲ့ ဒီကောင်က စောက်ကျင့်တွေတူတယ်ကွ.. ရန်ဖြစ်ရမယ့် ကောင်တွေ မဟုတ်ဘူး. .ဘော်ဒါဖြစ်ရမယ့်ကောင်တွေ..ကဲ.. လာ နှစ်ကောင်လုံး”

ခါးကုန်းမောင်မောင်က ထလာပြီး ကြေးမုံနှင့် ရေခဲကို လက်ဆွဲခေါ်သွားသည်။

ခဏအကြာတွင် အီဆာနှင့် အီဆတ် ညီအစ်ကိုနှစ်ယောက်ဦးဆောင်သော အဖွဲ့ ဘိလိယက်ခုံထဲသို့ ရောက်လာကြသည်။

သူတို့နှင့်ရှေ့ဆင့်နောက်ဆင့်တွင် မိုးကျော်နှင့် ဧရာပါ ထပ်‌ရောက်လာ၏။

အားလုံးက အသင့်အနေအထား လက်နက်ကိုယ်စီဖြင့် ဝင်လာခြင်းဖြစ်သည်။

သို့သော် ဘိလိယက်ခုံအတွင်း မြင်ကွင်းကြောင့် သူတို့အားလုံး ကြောင်သွားကြ၏။

ကြေးမုံ သည် ခါးကုန်းမောင်မောင်၊ ရေခဲတို့နှင့်အတူ ဘီယာပုလင်းကိုယ်စီရှေ့ချပြီး စကားလက်စုံကျနေကြသည်ကို မြင်လိုက်ခြင်းကြောင့် ဖြစ်သည်။

“ဟေ့…မိုးကျော်တို့ အီဆာတို့.အုပ်စုတောင့်လှချည်လား..ကျော်ဝင်းကြီး လွှတ်လိုက်တာထင်တယ်..လာကွ..”

မိုးကျော်တို့ က အူလည်လည်ဖြင့် ဝင်လာသည်။

“စိတ်ပူလိုက်ရတာ ငကြေးရာ”

“မပူပါနဲ့ကွာ..မနေ့ကတည်းက သွင် ရှေ့က ပြဿနာကို ငါသေချာမေးမြန်းပြီးသား…ငါတို့လူတွေဘက်က လွန်တာ..ရေခဲကိုလည်း ငါသေချာပြောပြထားပါတယ်”

“အင်း…ဒီလိုဆိုရင်တော့လည်း ကောင်းတာပေါ့..ကိုမောင်ကြီးရာ..နို့မဟုတ်…အချင်းချင်းတွေ အကုန်ရှုပ်ကုန်မယ်”

“ဆောရီး..ကြေးမုံ….မနေ့က ငါ့ကောင်တွေအလွန်ပါ…ဒါပေမယ့် မင်းတို့ ကြံရည်ကြိတ်စက်ထဲ ထည့်ကြိတ်တာတော့ နည်းနည်းများတယ်ကွ..ငါ့သိက္ခာပါကျတယ်”

ရေခဲက ကြေးမုံ ကို ပြောလိုက်သည်။

“ကြံရည်ကြိတ်စက်ထဲကို ထည့်ကြိတ်တာက..ကြေးမုံမဟုတ်ဘူး…ငါပဲ..‌ရေခဲ…မင်းကောင် စော်ကားလိုက်တဲ့ ကောင်မလေးက..ငါရဲ့…”

“ငါ သဘောပေါက်ပြီ….ရေခဲရေ….မင်း ညိုညိုကို ထိတော့ ဒီကောင် ကြေးမုံကိုလည်း ကြံရည်စက်ထဲ ထည့်ကြိတ်ချင်သွားတယ်မဟုတ်လားကွ..ဟေ”

ခါးကုန်းမောင်မောင်က ဝင်ပြောသည်။

ရေခဲက ခေါင်းညိတ်ရင်း ရယ်နေ၏။

ထိုနေ့က ရန်ကုန်လူမိုက်နှစ်ဖွဲ့ကြား ပြဿနာသည် ဘီယာပုလင်းများနှင့် အေးချမ်းစွာပြီးဆုံးသွားသည်။

သို့သော် ပန်းဆိုးတန်းလူမိုက်ခေါင်းဆောင် ကျော်ဝင်းကြီး အတွက်ကား မအေးချမ်း။

သူ့နယ်မြေအတွင်း အားကောင်းလာသည့် လူမိုက်လက်သစ်ရေခဲ ။ သူ့လက်အောက်ခံဖြစ်သော်လည်း အချိန်တိုအတွင်း ဇိုးလောကတွင် နာမည်ကျော်လာသည့် ကြေးမုံ။

ထိုလူငယ်နှစ်ယောက်ကြား ရင်းနှီးသောဆက်ဆံရေးထူထောင်လာနိုင်မှုသည် သူ့အတွက် တွေးတောစရာကိစ္စဖြစ်လာသည်။

သူ့ညာလက်ရုံးဖြစ်သော မိုးကျော်သည်ပင် ကြေးမုံနှင့် တတွဲတွဲဖြစ်လာသည်က သူ့အတွက် ပိုခေါင်းခဲစရာကိစ္စဖြစ်လာခဲ့သည်။

………………………………..

၁၉၆၈ ခုနှစ်။

ဖွဲနု ၊ ဆန်ကွဲမှစပြီး ဟင်ခတ်အမွှေးအကြိုင်အထိ ကုန်စည်အမျိုးအစား ၄၆၀ ကို အစိုးရကသာ ချုပ်ကိုင် သိုလှောင်ရောင်းဝယ်ခွင့်ရှိသည်ဟု ပြဌာန်းခဲ့သည်မှာ နှစ်နှစ်ပင် ကြာမြင့်ခဲ့ပြီ။

တစတစ ကြပ်တည်းလာသော တိုင်းပြည်စီးပွားရေးအခြေအနေမှာ အစိုးရ၏ ညံ့ဖျင်းမှုကြောင့်ဆိုသည့် အချက်ကို ခေါင်းရှောင်ရန်အတွက် ငွေကြေးချမ်းသာသူများ၊ ကုန်သည်ပွဲစားများ၏ အမြတ်ကြီးစားမှုကြောင့်ဟု စွပ်စွဲချက်တင်ကြသည်။

စူစကာစစ်ဆင်ရေး၊ ဆင်ဖြူတော်စစ်ဆင်ရေးများပြုလုပ်ကာမူဆာမဒါး၊ ဦးမြစိန်၊ ဦးပွင့်ကောင်း၊ ဦးရှော်ဖီ စသော စီးပွားရေးသမားကြီးများကို ဖမ်းဆီးကာ ထောင်နှစ်ရှည်ချမှတ်သည်။

မဆီမဆိုင် စာရေးဆရာ၊ သတင်းစာဆရာများဖြစ်သော ဆရာမြသန်းတင့်၊ ကြေးမုံဦးသောင်း၊ ဗန်းမော်တင်အောင်၊ ဂါဒီးယန်းဦးစိန်ဝင်း၊ ဦးလောရုံ တို့ကိုပါ ဖမ်းဆီးထောင်ချပစ်သည်။

တရားဝင်စီးပွားရေးလုပ်ငန်းများမှာ လုံးလုံးလျားလျားပျက်စီးသွားပြီး မှောင်ခိုစျေးကွက်မှာ အကြီးမားဆုံးအခြေအနေသို့ ရောက်ရှိလာနေသည်။

တော်လှန်ရေးကောင်စီအရာကြီးရှိများ၊ စစ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ ရာထူးမြင့်ဝန်ထမ်းများနှင့် မှောင်ခိုဂိုဏ်းတို့မှာ အပြန်အလှန် ဆက်သွယ်မှုများပိုမိုရှိလာသည်။

ထိုအခြေအနေတွင် ကက(လှမ်း) ခေါ် စစ်ထောက်လှမ်းရေးတွင် သြဇာအာဏာကြီးလာသည့် ဗိုလ်မှူးကြီးတင်ဦး ခေါ် မျက်မှန်ကြီးသည် အမှောင်ထဲမှ မင်းသားများကို မှောင်ခိုလောကတွင်း သြဇာအာဏာများစွာ ပေးအပ်ထားခဲ့သည်။

“အမှောင်ထဲမှ မင်းသားများ” သည် မှောင်ခိုလုပ်ငန်းများလုပ်ကိုင်သည့်အခါ တော်လှန်ရေးကောင်စီအရာရှိကြီးများ၊ စစ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ ရာထူးမြင့်ဝန်ထမ်းများနှင့် အပေးအယူများ လုပ်ကြရသည်။

ထိုအပေးအယူကိစ္စများကို စစ်ထောက်လှမ်းရေးသို့လည်း သီးသန့်သတင်းပေးပို့ရပြီး စစ်ထောက်လှမ်းရေးမှ သက်သေအထောက်အထားများ သီးသန့်ဖိုင်များ စုဆောင်းထားရှိကြသည်။

ဗိုလ်မှူးကြီးတင်ဦးသည် စစ်ထောက်လှမ်းရေးသာမက အထူးစုံစမ်စစ်ဆေးရေးဦးစီးဌာနကိုပါ ကိုင်တွယ်ထားပြီး စီးပွားရေးဆိုင်ရာကိစ္စများအတွက်ပါ အမှုတွဲများ တည်ဆောက်ထားခဲ့သည်။

စစ်တပ်သည် အဓိကရန်သူဖြစ်နေသော ဗကပခြေမှုန်းရေးများတွင်လည်း စစ်ထောက်လှမ်းရေးသတင်းများကို အားကိုးနေရသည်။

၁၉၆၈ စက်တင်ဘာ ၂၄ တွင် စစ်အစိုးရ၏ အကြီးဆုံးရန်သူ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌ သခင်သန်းထွန်းအား စစ်ထောက်လှမ်းရေးမှ ဒလန်ထည့်ထားသည့် ရဲဘော်မြကြီး ခေါ် လုံတိတ် ခေါ် ကြုံတိတ် က လုပ်ကြံသဖြင့် သခင်သန်းထွန်း ကျဆုံးခဲ့သည်။

ထိုစစ်ဆင်ရေးပြီးသည့်နောက် စစ်ထောက်လှမ်းရေး၏ သြဇာအမြင့်မားဆုံးဖြစ်နေသည်။

‌စစ်ထောက်လှမ်းရေးကွန်ရက်ကျယ်ပြန့်လာခဲ့ပြီး အမျိုးသားထောက်လှမ်းရေးဗျူရိုကိုဖွဲ့စည်းခဲ့သည်။

မျက်မှန်ကြီးတင်ဦး

အထူးသဖြင့် အမေရိကန် CIA သင်တန်း၊ English Military Police Training သင်တန်းများ တက်ရောက်ထားသော မျက်မှန်ကြီးတင်ဦး၏ သြဇာမှာ တော်လှန်ရေးကောင်စီနှင့် စစ်တပ်အတွင်း တရိပ်ရိပ်ထိုးတက်လာနေသည်။

လက်ရွေးစင်တပ်မှူးများဖြစ်သော ဗိုလ်မှူးကြီးအောင်ဌေး၊ ဗိုလ်မှူးကြီးကျော်ထွန်း၊ ဗိုလ်မှူးကြီးအောင်လွင်၊ ဗိုလ်မှူးကြီးသိန်းအောင်၊ ဒုဗိုလ်မှူးကြီးခင်ထွန်း၊ ဗိုလ်မှူးကြီးကံညွန့်၊ ဗိုလ်မှူးကြီးဘိုနီ၊ ဗိုလ်မှူးစိုးမြင့်၊ ဗိုလ်မှူးဝင်းအောင် စသည်တို့ကလည်း မျက်မှန်ကြီးကို ဝန်းရံထားခဲ့ကြသည်။

မျက်မှန်ကြီး၏ ကျောထောက်နောက်ခံဖြစ်သော ဦးစံဘ၊ ဦးထွန်းရင်တို့ ခေါင်းဆောင်သည့် အမှောင်ထဲမှ မင်းသားများမှာ မှောင်ခိုလောက၏ အကြီးဆုံးကွန်ယက်ကြီး ဖြစ်လာခဲ့သည်။

ပန်းဆိုးတန်းမှ ကျော်ဝင်းကြီးသည် လည်း မိုးကျော်၊ ကြေးမုံ၊ ဧရာ တို့၏ လုပ်ရည်ကိုင်ရည်များကြောင့် သြဇာကြီးသည်ထက်ကြီးလာသည်။

လသာအုပ်စုဟုခေါ်သော ဦးစံဘ၊ဦးထွန်းရင် တို့အုပ်စုပြီးလျှင် ကျော်ဝင်း၏ ပန်းဆိုးတန်းအုပ်စုမှာ အင်အားအကြီးဆုံး ဖြစ်လာသည်။

ကြေးမုံ သည် ရေခဲ၏ ဖဆပလရပ်ကွက်အုပ်စုနှင့် မဟာမိတ်ဖွဲ့ထားနိုင်ခဲ့သည်။

ကျော်ဝင်းကြီး၏ အနီးကပ်လူယုံနေရာကိုရနေသော ဧရာ သည် ကြံတောသင်္ချိုင်း၊တာမွေသင်္ချိုင်းလိုင်းကို ကိုင်ထားသော ယက္ခကြီး၊ အနူနှာနီတို့နှင့် အရက်ချက်လုပ်ငန်း၊ဆေးခြောက်လုပ်ငန်းများကို ပူးတွဲလုပ်ကိုင်နေကြသည်။

ထိုအခြေအနေသည် ဆေးရုံကြီး၊လဟာပြင်အုပ်စုမှ ပီတာ၊အဘူးတို့အား ပတ်ချာလည်ဝိုင်းထားသကဲ့သို့ ဖြစ်လာနေသည်။

ဆေးရုံကြီးအုပ်စုမှာ ရေကျော်မှ သံတုတ်မောင်မောင်နှင့် ဆက်ဆံရေးပြေပြစ်အောင်မဟာမိတ်ဖွဲ့ပြီး အခြေအနေကို ထိန်းထားရသည်။

ကြေးမုံ ကား မြေနီကုန်း၊ စမ်းချောင်း၊ ကြည်မြင့်တိုင်တကြောတွင် “စေ”တစ်လုံး ပိုင်ရှင်ဖြစ်လာသည်။

မိခင်ဖြစ်သူ ကို ရှမ်းလမ်းတွင် တိုက်တစ်လုံးဝယ်ပေးထားနိုင်ခဲ့သည်။

တောင်ပြုန်းပွဲနီးလာသဖြင့် မိန်းမလျာအဆင့် သည် ခါးပိုက်နှိုက်ရန် တောင်ပြုန်းသို့ တက်သွားခဲ့သည်။

အဆင့်နှင့်အတူနေကြသည့် မြိုင်မှာ တောင်ပြုန်းသို့ မလိုက်သွားလိုသဖြင့် ရန်ကုန်တွင် ကျန်ရစ်ခဲ့၏။

ကြေးမုံ သည် မြိုင်တစ်ဦးတည်းနေသည့် ဗားဂရာထဲမှ အိမ်ကလေးဆီသို့ ဝင်ရင်းထွက်ရင်း လည်ပတ်ရင်း စောင့်ရှောက်ရင်းဖြင့် ထိုအိမ်တွင်သာ မလွှဲမရှောင်သာ ညအိပ်ရသည့် ရက်များ များလာခဲ့တော့သည်။

စူဇကာစစ်ဆင်ရေးတွင် ဖမ်းဆီးထောင်ချခံခဲ့ရသည့် သူဌေးဦးရှော်ဖီ

ထောင်ကျနေစဥ် တစ်ထောင်လုံးအား ဒန်ပေါက်အလှူလုပ်ခြင်း၊ နွေရာသီကာလတစ်လျှောက် တစ်ထောင်လုံးအား အအေးလှူခြင်းတို့ကြောင့် နာမည်ကျော်ခဲ့သည်။

၁၉၆၈ ခုနှစ်သည် ပြည်သူများအတွက် ကြပ်သည်ထက် ကြပ်၊ ဆင်းရဲသည်ထက် ဆင်းရဲလာသည့် နှစ်တစ်နှစ်ဖြစ်ခဲ့သော်လည်း စစ်အာဏာရှင်အသိုင်းအဝိုင်းနှင့် မိတ်ဖက် ဒုစရိုက်သမားများအတွက်မူ ပန်းခင်းသော ကာလများအဖြစ် တအိအိ ကုန်ဆုံးသွားလေတော့၏။

………………………………..

၁၉၆၉ ဖေဖော်ဝါရီ ၉ ရက်။ ည ၁၁ နာရီ ၂၀ မိနစ်။

ဆောင်းညသည့် စိမ့်၏။ တိတ်၏။

တချက်တချက် ကြည်မြင့်တိုင် ဌာနလမ်း ရဲစခန်းဘက်ဆီမှ သံချောင်းခေါက်သံကို ကြားရ၏။

ဗားဂရာချောက်ကုန်းပေါ်မှ ရပ်ကွက်ကလေးထဲသို့ စက်ဘီးတစ်စီးဝင်လာသည်။

“ကိုကြေး..ကိုကြေး”

အသံခပ်အုပ်အုပ်ကြောင့် အညာစောင်ထူထူထဲ ချွေးရွှဲနေသော ကြေးမုံ လူးလဲထလာသည်။

“အကို..အဲ့ဒါ…ကျွန်တော့်ထမီကြီးဗျ….ဒီမှာ ခင်ဗျား ပုဆိုး”

စောင်ခြုံထဲမှ မြိုင်က ပုဆိုးကို ကမ်းပေးသည်။

ကြေးမုံက ပုဆိုးကို ခေါင်းမှ စွတ်ချလိုက်သည်။

ထို့နောက် မီးခလုတ်ကို ဖွင့်လိုက်၏။ အိပ်ရာဘေးတွင် ဖြစ်သလို ချွတ်ပုံထားသော ရှပ်အင်္ကျီကို ဝတ်ပြီး ကြယ်သီးများတပ်သည်။

ထို့နောက် အိမ်ရှေ့ တရုတ်ကပ်မှန်ကို အသာလှပ်ကြည့်လိုက်သည်။

“ကိုကြေး…ကျွန်တော် မွှေးနီပါ”

“အေး..မွှေးနီ ဘာဖြစ်လို့လဲ..ဒီအချိန်ကြီး”

“ခင်ဗျားအမေက ခေါ်ခိုင်းလိုက်လို့..အခုချက်ချင်းလိုက်လာပါ..အရေးကြီးတယ်တဲ့”

“ဟေ..ဘာဖြစ်လို့လဲကွာ”

“ကိုဧရာလည်း ရောက်နေတယ်”

“ဘာ”

ကြေးမုံက တံခါး ထဖွင့်လိုက်သည်။ သူလွယ်နေကျ ကချင်လွယ်အိတ်ကိုလွယ်လိုက်၏။

“မြိုင်….အကို..ခဏလိုက်သွားလိုက်ဦးမယ်..အမေ က ခေါ်ခိုင်းလို့”

မြိုင်က ဂျာကင်အင်္ကျီကို ကမ်းပေးလိုက်သည်။

“ပြန်လာမှာလား..အကို”

“ဘာကိစ္စမှန်း မသိတော့ မသေချာဘူး..မြိုင်”

“အဲ့ဒါဆို ကျွန်တော် တံခါးဂျက်ထိုးပြီး အိပ်လိုက်တော့မယ်..အကို”

“အေး..အကို ပြန်လာဖြစ်ရင် တံခါးခေါက်လိုက်မယ်နော်..”

မြိုင် ၏ နှုတ်ခမ်းဖူးဖူးလေးက စူနေသည်။

ကြေးမုံက မြိုင့် ခေါင်းကို ပုတ်လိုက်ပြီး အိမ်အောက်သို့ ဆင်းသည်။

ဆိုင်ကယ်ပေါ် တက်ခွလိုက်သည်။

ရှမ်းလမ်းထဲရှိ ကြေးမုံ၏ အိမ်ရှေ့သို့ရောက်သောအခါ ဆိုင်ကယ်ကို ရပ်လိုက်သည်။

အိမ်ထဲတွင် မီးပျပျထွန်းထား၏။

ကြေးမုံဝင်လာသည်နှင့် တံခါးတချပ်က ပွင့်သွားသည်။

“အမေ..ဧရာ ရောက်နေတယ်ဆို”

“အေး..အထဲမှာ..သူတို့ရှိတယ်..သား”

“သူတို့ဆိုတော့ ဘယ်သူပါသေးလို့လဲ”

မမြင့်ဝင်းက ကိုယ်ကို ရို့ပေးလိုက်သည်။

ဧည့်ခန်းတွင်း ထိုင်ခုံပေါ်မှ မြင်ကွင်းကြောင့် ကြေးမုံ အံသြသွားသည်။

“ဟာ…မမဝင်း”

ဧရာက ကြေးမုံကို မြင်သည် နှင့် မတ်တပ်ထရပ်လိုက်သည်။

“ငါ..မမဝင်းကို ခိုးပြေးလာတာ..ကြေးမုံ”

ကြေးမုံက ဧရာကို ကြက်သေသေလျက် ကြည့်နေသည်။

ပန်းဆိုးတန်း လူမိုက် ကျော်ဝင်းကြီး ၏ ချစ်လှစွာသော မယားငယ်ကလေး မခင်ဝင်းကြည် က မျက်လွှာကိုချ ခေါင်းကို ငုံ့ထားသည်။

ကြေးမုံက ဧရာကို စောင့်တွန်းလိုက်၏။

“မင်းဘာတွေ လျှောက်လုပ်လာတာလဲ..ဟေ့ကောင်”

“ငါ…မမဝင်းကို ခိုးပြေးလာတာ..မမဝင်းမှာ ငါနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ”

“မင်းရူးနေလား..မင်းဦးနှောက်မရှိဘူးလား..ခွေးသူတောင်းစားရဲ့..အဲ့ဒါ လင်ရှိမယားလေကွာ..သူများမယားလေကွာ”

မခင်ဝင်းကြည် ထံမှ အိခနဲ ငိုသံထွက်လာသည်။

“သား…စိတ်ကို ထိန်းဦး..ဖြေးဖြေး စကားပြောကြတာပေါ့”

မမြင့်ဝင်းက သားဖြစ်သူ ကြေးမုံ၏ ‌လက်မောင်းကို ဆွဲကိုင်ကာ ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်။

“ငါမှားတာ ငါသိတယ်..ကြေးမုံ..ဒါပေမယ့်..မမဝင်းနဲ့ ငါနဲ့ ချစ်နေကြတာ နှစ်နှစ်ရှိပြီ…ငါတို့ တကယ်ချစ်ကြတာပါကွာ..အခုလည်း ဘာလုပ်ရမှန်းမသိလို့ မင်းဆီကိုလာတာ..ငါ့မှာ တိုင်ပင်စရာ အားကိုးစရာ မိသားစုဆိုလို့ မင်းတို့ပဲရှိတာပါကွာ”

ကြေးမုံက မျက်စိကို စုံမှိတ်ထားသည်။ ကြေးမုံ၏ ညာလက်က တဆတ်ဆတ်တုန်နေ၏။

“ကိုကျော်ဝင်းကြီး သိသွားရင်..မင်းတို့နှစ်ယောက်လုံး ဘာဖြစ်ကုန်မလဲ မင်းတို့ သိတယ်နော်..ဧရာ”

ဧရာက ခေါင်းညိတ်သည်။

“အခုမင်းတို့ ထွက်လာတာ သူသိလား”

“မသိသေးဘူး..သူ မော်လမြိုင်ဘက် ခရီးထွက်သွားတယ်”

“တခြား ဘယ်သူသိသေးလဲ”

“မမဝင်း မှာ ကိုယ်ဝန်ရှိနေလို့ ငါတို့ လက်သည်ဆီ သွားပြကြတယ်…အဲ့ဒီလက်သည်ကနေ တဆင့် ကိုအီဆာ မိန်းမ က သိသွားပြီ…ဒါကြောင့် ငါ မမဝင်းကို ခိုးလာတာပဲ”

“အဲ့ဒါ မင်းနဲ့ရတဲ့ ကိုယ်ဝန်လား..ဧရာ”

“ကိုကျော်ဝင်းက ကလေးမရနိုင်ဘူးလို့ ဆရာဝန်က ပြောထားပြီးသား..ကြေးမုံ..အီးဟီးဟီး”

မခင်ဝင်းကြည်က ဝင်ပြောသည်။

“မမဝင်း..ခင်ဗျားတို့လည်း ကမြင်းတုန်းက ကမြင်းပြီး အခုမှ ငိုမနေနဲ့..တိတ်စမ်းပါဗျာ”

ကြေးမုံ အသံက ခပ်ဆတ်ဆတ်မို့ မခင်ဝင်းကြည် တုန်တက်သွားသည်။

“ငါတို့ ဘာဆက်လုပ်ရမလဲ..ကြေးမုံ”

“ခဏနေဦး..ငါစဉ်းစားလိုက်ဦးမယ်”

ကြေးမုံက အသက်ကိုမှန်မှန်ရှုသည်။ နံရံတွင် မှိန်ဖျော့ဖျော့လင်းနေသည့် မီးသီးကို ကြည့်သည်။

လက်တို့ကား တဆတ်ဆတ်တုန်နေဆဲ။

ကြေးမုံက သက်ပြင်းအရှည်ကြီးချလိုက်သည်။

“မင်းလုပ်ချင်တာ လုပ်ခဲ့ပြီးပြီ….သေမလား..သတ်မလား..အဲ့ဒီနှစ်လမ်းပဲ ရှိတော့တယ်..ဧရာ”

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၁၂ ) >>>>>