ကမ်းဝေးငါးဖမ်းလှေများ အမည်နံပါတ်ဖုံးပြီးကမ်းနီးတွင် ဝင်ခိုးဆွဲနေဟုဆို

0
4591

ကမ်းဝေးငါးဖမ်းလှေများ လှေအမည်နှင့် နံပါတ်များအား တာလပတ်ဖြင့် ဖုံးအုပ်ကာ ကမ်းနီးတွင် ဝင်ရောက် ခိုးဆွဲနေကြောင်း ဒေသခံကမ်းနီးငါးဖမ်းလှေ လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကမ်းနီးပင်လယ်ပြင်တွင် ဝင်ရောက်ငါးခိုးဖမ်းနေပြီး ပြင်စဘုကျွန်း၊ ပုလဲကျွန်း လငန်းကျွန်းအနီးတစ်ဝိုက်နှင့် ကျွန်းစုမြို့နယ်၊ ရေကန်တောင်ရွာအရှေ့နှင့် ရေအေးချောင်းဝ အထိ ဝင်ရောက် ခိုးဖမ်းနေသည်ကို တွေ့ရကြောင်း ၎င်းတို့က ဆိုသည်။  

“ညနေစောင်းဆို မောင်းဝင်လာကြပြီ။ ဝါလတ်၊ ဝါတန်းဘယ်လှေမှ နာမည်ဖော်ပြီး မလာကြဘူး။ အကုန်လုံး တာလပတ်တွေနဲ့ အုပ်ထားတာချည်းပဲ။ တော်တော်လေး ဆိုးလာနေပြီ” ဟု ရေကန်တောင်ရွာမှ ကမ်းနီးငါးဖမ်းလှေ လုပ်ကိုင်သူတစ်ဦးက ပြောသည်။

ကမ်းဝေးလှေကြီးများ ကမ်းနီးဝင်ရောက်ဖမ်းဆီးသဖြင့် ငါးအရနည်းလာသည့်အပြင် ကမ်းနီးတွင် ထောင်ထားသည့် ပိုက်များ ယင်းလှေကြီးများကြောင့် ပြတ်တောက်ပျက်စီးမှုများလည်း မကြာခဏဖြစ်ပေါ်နေကြောင်း အလယ်မန်ရွာမှ ကမ်းနီးငါးဖမ်းလှေလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

ကမ်းဝေးလှေများ ကမ်းနီးသို့ ဝင်ရောက်ငါးခိုးဆွဲမှုများအား စောင့်ကြည့်ရန် အစိုးရက ၂၀၁၉ ခုနှစ်မှစတင်ကာ ငါးဖမ်းလှေ ခြေရာခံစနစ် VMS (Vessel Monitoring System) စက်ခေါင်းများအား ကမ်းဝေးလှေများတွင် တပ်ဆင်ပြီး စောင့်ကြည့်ခဲ့သည်။

သို့သော်လက်ရှိအခြေအနေတွင် ကမ်းဝေးလှေအချို့က ယင်းစက်များအား ဖြုတ်ကာ အခြားလှေများပေါ်တွင်တင်ပြီး ယင်းလှေအား ကမ်းဝေးမျဉ်းအပြင်ဖက်တွင် ရပ်ခိုင်းပြီး ၎င်းတို့က ကမ်းနီးတွင် ဝင်ရောက်ခိုးဆွဲနေကြကြောင်း မျက်မြင်တွေ့ရှိသူများက ပြောပြသည်။

“ငါးမဖမ်းတဲ့ လိုင်းဖြူဝါတန်း မီးထွန်းလှေတွေပေါ်မှာ တင်ထားကြတယ်။ စက်မှာပိတ်ထားတဲ့ ချိတ်မဖြုတ်ဘူး။ သံပိုက်ကိုဖြတ်ပြီး တင်ထားကြတာ။ လှေတစ်စီးကို ခြောက်လုံးကနေ ဆယ်လုံးအထိရှိ (တင်ထားခဲ့) တယ်။ သူ့အုပ်စုနဲ့ သူ့လှေနဲ့သူ လုပ်နေကြတာ” ဟု အလယ်မန်ရွာနေ ကမ်းနီးရေလုပ်သားက ပြောသည်။

ကမ်းဝေးလှေများ ကမ်းနီးဝင်ရောက် ငါးခိုးဖမ်းနေသည်ကို ရေတပ်သင်္ဘောနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့က ရှောင်တခင် လာရောက်စစ်ဆေးခြင်းများ ရှိခဲ့သော်လည်း ယနေ့အထိ ပပျောက်ခြင်းမရှိသေးဟု ဒေသခံရေလုပ်ငန်း လုပ်ကိုင်သူတို့က ဆိုသည်။

“ခိုးဖမ်းနေကြတဲ့လှေတွေကို ငါးလုပ်ငန်းဦးစီးဌာနက ဖမ်းဆီးဒဏ်ရိုက်တာတွေရှိတယ်။ နှစ်စဉ်ပေါ့။ ဒီနှစ်လည်း ကြားရတယ်။ ဒဏ်ရိုက်ထားတဲ့လှေ အရေအတွက်တော့ လောလောဆယ် မသိရသေးဘူး” ဟု မြိတ်ခရိုင်ငါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။

ကမ်းဝေးလှေများသည် ကမ်းမှ မိုင် ၅၀ မှ မိုင် ၂၀၀ အထိ ထွက်ဖမ်းကြရသဖြင့် စက်သုံးဆီပိုကုန်ပြီး ငါးမှာ ထင်သလောက်မရရှိခြင်း၊ မိုးရာသီတွင်လည်း လှိုင်းလေပြင်းထန်သဖြင့် ငါးများမှာ ကျွန်းအနီးအနားတွင် ခိုအောင်းလေ့ ရှိသည့်အတွက် ကမ်းနီးတွင် ဝင်ရောက်ခိုးဖမ်းကြသည်ဟု ကမ်းဝေးငါးဖမ်းလှေဦးစီးတစ်ဦးက ပြောဆိုထားသည်။

ကမ်းဝေးလှေများ ကမ်းနီးဝင်ရောက်ငါးခိုးဖမ်းသည်ကို တွေ့ရှိလျှင် ယင်းလှေကို ပထမအကြိမ် ဒဏ်ငွေ သိန်း ၃၀ ရိုက်ကာ သုံးလနားခိုင်းပြီး တစ်နှစ်တည်း ဒုတိယအကြိမ် ထပ်မံကျူးလွန်လျှင် ဒဏ်ငွေ သိန်း ၆၀ နှင့် ခြောက်လ ရပ်နားရမည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ကမ်းမှ ရေမိုင် ၁၀ မိုင်အတွင်းကို ကမ်းနီးရေပိုင်နက်ဟု သတ်မှတ်ထားပြီး ယင်းအပြင်ကို ကမ်းဝေးရေပိုင်နက်အဖြစ် သတ်မှတ်သည်။

တနင်္သာရီတိုင်းတွင် ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ခန့်ရှိပြီး လိုင်စင်ထုတ်ပေးထားသည့် ကမ်းနီးလှေမှာ ၈၀၀၀ နီးပါးရှိကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းအရသိရသည်။