ပီတိမျက်ရည် ကျရသည်

0
5034

‌ဒေါ်ဌေး‌ဌေးတို့ ဇနီးမောင်နှံ တီဗီကြည့်နေရင်း ရင်ထဲထိတ်ကနဲဖြစ်သွားရသည်။ တစ်အိမ်လုံးက လျှပ်စစ်မီးက ရုတ်တရက်ပြတ်တောက်သွားတာကိုး။

ဘေးအိမ်တွေကို ကြည့်လိုက်တော့လည်း မီးတွေလင်းလို့။ သူတို့အိမ်တစ်ဆောင်တည်း ကွက်ပြီး မီးပျက်သွားတာ၊ ဘာများဖြစ်တာပါလိမ့်။

‌ရုတ်တရက်ဆို သွေးတိုးတတ်တဲ့ ဒေါ်ဌေးဌေး ရင်တုန်ပန်းတုန်ဖြစ်ရပြီ။

အဲဒီအချိန်မှာပဲ…

“Happy birthday to You. Happy birthday to you…” သီချင်းသံလေး လွှင့်လာသည်။

အိမ်အတွင်းဘက် မီးဖိုချောင်ဘက်က ထွက်လာနေတဲ့ ဒီသီချင်းအသံပိုင်ရှင်ကို ဒေါ်‌ဌေးဌေး ကောင်းကောင်း မှတ်မိသည်။ အသံကြားရာဘက်ကြည့်လိုက်တော့ မွေးနေ့ကိတ်လေးတစ်ခု။ ဖယောင်းတိုင်မီးလေးတွေ ထွန်းလို့။ အခန်းဆီ လိုက်ကာလေးကို ကျော်ဖြတ်ပြီး မြေးမလေးသယ်လာတယ်။

“ဖွားဖွားအတွက် မွေးနေ့ကိတ်” မြေးမလေးရဲ့အသံ။

ဟော အခုမှပဲ လျှပ်စစ်မီးတွေ တစ်အိမ်လုံးပြန်လင်းထိန်လာတော့သည်။ သမီးငယ်က လျှပ်စစ်မိန်းခလုတ်နားမှာ ငုတ်တုတ်ရပ်လျှက်။

ဒီနှစ်သီတင်းကျွတ်ကာလက ဒေါ်ဌေးဌေးရဲ့ အသက် ၆၁ နှစ်ပြည့်မွေးနေ့။ သူ့ဘဝမှာ ပထမဆုံးကျင်းပဖြစ်တဲ့ မွေးနေ့ဆိုလည်းဟုတ်တယ်။

ထိုင်းနိုင်ငံရောက်နေတဲ့ သမီးဖြစ်တဲ့ မမီးလဲ့က ဒီမွေးနေ့ပွဲကို စီစဉ်ကျင်းပပေးခဲ့တာပါ။

‌မွေးနေ့ကိတ်ခွဲတော့ လက်တွေတုန်တုန်ရီရီ‌ဖြစ်နေလို့ ဘေးကလူတွေကပါ ဝိုင်းကူပေးခဲ့ရပါသေးတယ်။

ပန်ကန်းထဲကို ခွဲပြီးသားကိတ်ထည့်လိုက်တော့ မွေးကင်းစကလေး လက်သီးဆုပ်လောက်ရှိတဲ့ ဗူးလေးတစ်ခု ထွက်ကျလာတယ်။

သံပြိုင် လက်ခုပ်စည်းချက်သံတွေနဲ့အတူ ဗူးကိုဖွင့်ကြည့်‌တော့ နားကပ်လေးတစ်ရံ။ လျှပ်စစ်မီးရောင်အောက်မှာ စိန်သေးသေးလေးတွေ တဖျတ်ဖျတ်လက်လို့။

နှစ် ၄၀ လောက် ဆင်မြန်းလားတဲ့ မင်္ဂလာဦးလက်ဖွဲ့ နားကပ်တစ်ဖက်ကျပျောက်သွားပြီးကတည်းက ဒေါ်ဌေးဌေး နားပေါက်ဟောင်းလောင်းနဲ့ နေနေခဲ့ရတာ။ အခုတော့ အဝေးရောက် သမီးကန်တော့လို့ နာကပ်လေး ပြန်ဝတ်ရတော့မယ်။

“သားသမီးတွေရဲ့ သိတတ်မှုကြောင့် အားလည်းနာ၊ ဝမ်းလည်းဝမ်သာဖြစ်ပြီး မျက်ရည်ပါကျရတယ်” လို့ ဒေါ်ဌေးဌေးက မွေးနေ့ပွဲအပေါ် ခံစားချက်ကို ပြန်ပြောင်းပြောပြပါတယ်။

 ဒီလိုအချိန်မှာ ဒီလိုအဖိုးတန်နားကပ်တစ်ရံနဲ့ ကန်တော့လိမ့်မယ်လို့ ဒေါ်ဌေးဌေးလုံးဝ မသိထားသလို့ မျှော်လင့်ထားတာလည်း မရှိဘူးလို့ဆိုပါတယ်။

တကယ်တော့ သမီးဖြစ်သူ မမိလဲ့ဟာ သူ့အမေ အံ့ဩဝမ်းသာသွားအောင်ဆိုပြီး မွေးနေ့လုပ်မယ့်အကြောင်းနဲ့ ကန်တော့မယ့်အကြောင်း မိခင်ဖြစ်သူကို တမင်ကြိုအသိ မပေးခဲ့တာပါ။

“အခုက Surprise တိုက်တယ်ဆိုတာ ခေတ်စားနေတာဆိုတော့ အမေ့ကိုလည်း Surprise Gift ပေးမယ်ဆိုပြီး လုပ်ပေးဖြစ်သွားတာ” လို့ မမိလဲ့က ပြောပါတယ်။

ဒီ ၂ နှစ်လောက်အတွင်းမှာ Surprise Gift၊ Surprise Box ပေးတာတွေ တနင်္သာရီတိုင်းထဲမှာ ရေပန်းစားလာပြီးတော့ လိုက်လုပ်သူတွေ များပြားလာပါတယ်။ စစချင်းတုန်းကတော့ လူငယ်တွေကြားမှာပဲ ရေပန်းစားပါတယ်။

သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်၊ စုံတွဲအချင်းချင်းပဲဖြစ်ဖြစ် အံ့ဩဝမ်းသာသွားအောင် လုပ်ကြရာကနေ Surprise လုပ်တာ ရေပန်းစားလာခဲ့တာပါ။ နောက်ပိုင်းမှာတော့ လူကြီးတွေဆီပါ ကူးစက်လာပါတယ်။

အထူးသဖြင့် ထိုင်း၊ မလေးရှားနိုင်ငံတွေကို ရောက်နေကြတဲ့ သားသမီးတွေက အိမ်မှာကျန်ခဲ့တဲ့ လူကြီးမိဘတွေကို Surprise လုပ်လေ့ရှိပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း တနင်္သာရီတိုင်းက လူငယ်အမြောက်အများဟာ လုံခြုံရေး အခြေအနေ စိုးရိမ်ရတာကြောင့်ရော၊ စီးပွားရေးမကောင်းတာကြောင့်ပါ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကို ထွက်ခွာသွားကြပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM သမားတစ်ဦးဖြစ်တဲ့ မမီးလဲ့ကတော့ ထားဝယ်ဒေသမှာ သူ့အတွက် လုံခြုံရေး အခြေအနေ စိတ်မချရတာကြောင့် ထိုင်းနိုင်ငံကို ထွက်ခွာသွားတဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။

“အဓိကကတော့ အိမ်မှာနေလို့ အဆင်မပြေတော့လို့ ဒီကိုထွက်လာခဲ့တာပါ။ CDM လုပ်ထားတာဆိုတော့ ဘယ်အချိန် အဖမ်းခံရမလဲ စိတ်ပူနေတာနဲ့ ညညဆိုလည်း ကောင်းကောင်းမအိပ်ရဘူးလေ” လို့ သူကဆိုပါတယ်။

တနင်္သာရီတိုင်းသားတွေ ထိုင်းနဲ့မလေးရှားကိုထွက်ပြီး အလုပ်လုပ်တာက အထူးအဆန်းမဟုတ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ သိသိသာသာကို များပြားလာခဲ့ပါတယ်။ ရွာတွေမှာဆို လူငယ်တွေ ကုန်သလောက်တောင် ဖြစ်နေပါပြီ။

အာဏာမသိမ်းခင်တုန်းကတော့ ပြည်ပရောက်နေတဲ့ တိုင်းတွင်းသားတွေဟာ ဖိုးဖွားမိဘတွေကို ကန်တော့ရင်း သပိတ်မျှောပွဲနဲ့ မီးထွန်းပွဲကို ပါဝင်ဆင်နွှဲဖို့ဆိုပြီး ကိုယ့်ဒေသကို တခုတ်တရ ပြန်လာလေ့ရှိပါတယ်။

ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်နေတဲ့ အခုလိုချိန်မှာတော့ ပြန်လာတဲ့သူ မရှိသလောက်ပါပဲ။ အဲဒါကြောင့် အဝေးကနေပြီး အွန်လိုင်းကနေတဆင့် ကန်တော့နေကြရတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ Surprise Gift ဝန်ဆောင်မှု ပေးတဲ့ သူတွေကလည်း လုပ်ငန်းတစ်ခုအနေနဲ့ကို လုပ်ကိုင်လာကြတာပါ။

ထားဝယ်မြို့ ဈေးကြီးထဲမှာ ငါးခြောက်ရောင်းတဲ့ ဒေါ်ဝင်းအေးတစ်ယောက်လည်း ထိုင်းရောက်နေတဲ့ သမီးဆီကနေ ဖုန်းတစ်လုံးနဲ့ ပိုက်ဆံသုံးသိန်းကျပ်ကို သီတင်းကျွတ်‌ကန်တော့တာဆိုပြီး ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာလို့ ဝမ်းသာပီတိဖြစ်လွန်းလို့ မျက်ရည်ပင်ကျသွားခဲ့ရပါသေးတယ်။

“သူတို့ ပန်းစည်းနဲ့ ဖုန်းထဲက မီးရားပုံ (သမီးလေးရဲ့ပုံ) နဲ့ ပြလိုက်တဲ့အချိန်မှာမှ အဒေါ် အရမ်းကို ဝမ်းသာလုံးဆို့ပြီးတော့ မျက်ရည်လည်း ကျတယ်။ ဝမ်းလည်း ဝမ်းသာတယ်။ ဝမ်းလည်း ဝမ်းနည်းတယ်။ ပြောလို့မတတ်အောင်ကိုဖြစ်တယ် ခံစားရတာက” လို့ ဒေါ်ဝင်းအေးက ဆိုပါတယ်။

Surprise Gift ဝန်ဆောင်မှုပေးသူတွေဆီကနေတစ်ဆင့် ကန်တော့ပစ္စည်းပို့ပြီး သမီးဖြစ်သူက အမေကို သီတင်းကျွတ်ကန်တော့ခဲ့တာပါ။

လှတပတလေးဖြစ်အောင် စည်းထားတဲ့ ပိုက်ဆံပန်းစည်းလေးကို ဒေါ်ဝင်းဌေး မြတ်နိုးစွာ ထွေးပိုက်လိုက်ပါတယ်။ ဒီပန်းစည်လေးမှာ သမီးရဲ့ အငွေ့အသက်တွေပါနေတယ်မလား။ ခဏအလွမ်းပြေတာပေါ့။ ခဏတော့ သမီးလေးကို ထွေးပွေ့ခွင့်ရသွားတာပေါ့။

အခုလိုသီတင်းကျွတ်ကာလ အိမ်ပြန်လာချင်ပေမယ့် ပြန်လာလို့မရတဲ့သူတွေ၊ ကိုယ့်အိမ်က ဘုရာစင်ရှေ့မှာ အဖေနဲ့‌အမေကိုထားပြီး လက်ဆယ်ဖြာထိပ်မှာမိုးကာ ကိုယ်တိုင်ကိုယ်ကျ ပုဆစ်ဒူးတုပ် ကန်တော့ချင်ပေမယ့် ကန်တော့ခွင့် မရတဲ့သူတွေ အများကြီးရှိပါတယ်။

သူတို့တတွေဟာ အွန်လိုင်းကနေပြီး ဗီဒီယိုဖုန်းခေါ်ဆိုပြီးပဲ ဖုန်းစခရင်ပေါ်မှာ ပေါ်နေတဲ့ မိဘရဲ့ ပုံရိပ်ကိုသာ ကန်တော့ကြရတာပါ။

“အမေနဲ့တစ်ခါမှ မခွဲဖူးတော့ (အွန်လိုင်းကနေ) Video Call နဲ့ ကန်တော့ရတာ အားမရဘူး။ တစ်ခုခုလိုနေသလို ခံစားရတယ်။ ဒါပေမဲ့ အလွမ်းတော့ပြေပါတယ်” လို့ မမီးလဲ့က ပြောပါတယ်။

ဒီလိုမျိုးအွန်လိုင်းကနေ ဖုန်းနဲ့ကန်တော့ကြတာဟာ ကိုဗစ်ကပ်ဘေး စတင်ဖြစ်ပွားတဲ့ အချိန်ကစပါတယ်။ မြို့ပြတွေမှာ အလုပ်သွားလုပ်ကြသူတွေလည်း လမ်းတွေ ပိတ်ထားလို့ မိဘအိမ်ပြန်ခွင့် မရခဲ့ကြပါတယ်။

လူစုလူဝေးရှောင်ရှားဖို့ အစိုးရအမိန့်ကြောင့်ရော၊ ကိုဗစ်ကူးစက်မှာစိုးတာကြောင့်ရော ပြည်သူတွေဟာ တစ်အိမ်ကနေ တစ်အိမ်တော်ရုံ မသွားကြတော့ပါဘူး။

ဒါကြောင့် သီတင်းကျွတ်လိုမျိုး အခါကြီးရက်ကြီးတွေမှာ အိမ်တိုင်ရာရောက်သွား မနေတော့ဘဲ နည်းပညာအားကိုးနဲ့ ဗီဒီယို‌ဖုန်းခေါ်ဆိုပြီး ကန်တော့ကြပြီး ကန်တော့ငွေ၊ ကန်တော့မုန့်ဖိုးတွေကိုလည်း K pay၊ Wave Money လိုမျိုး အွန်လိုင်း ငွေကြေး ဝန်ဆောင်မှုတွေကနေ ပေးကြလာကြပါတယ်။

ဒေသတွင်းမှာ လူကြီး၊ လူငယ်ကြားထဲ Surprise ခေတ်စားလာတာနဲ့အတူ ဝန်ဆောင်မှုပေးသူတွေလည်း အလျိုလျို‌များပြားလာကြပါတယ်။

ဒီ Surprise ဝန်ဆောင်မှုကို လူငယ်တွေက လုပ်ကြပါတယ်။

Facebook လူမှုကွန်ရက်ကနေ ရောင်းသူဝယ်သူ ချိတ်ဆက်ကြပြီး ဝန်ဆောင်မှုပေးတာကြတာပါ။

အဲဒီလိုဝန်ဆောင်မှုပေးတဲ့သူတွေထဲမှာ အသက် ၂၀ ကျော်အရွယ် သရက်ချောင်းဒေသခံ မအေမီလည်းတစ်ဦး ပါဝင်ပါတယ်။ သူကတော့ ငွေစက္ကူနဲ့ အလှပန်းစည်းဒီဇိုင်းလုပ်ပြီး အိမ်တိုင်ရာရောက် Surprise လိုက်လုပ်ပေးသူပါ။

ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးနေချိန်မှာ Surprise ဝန်ဆောင်မှုက အလုပ်အကိုင်အခွင့်အလမ်း တစ်ခုဖြစ်လာ တယ်လို့ မအေမီက ပြောပါတယ်။ ဒါကြောင့်လည်း လူငယ်တွေ ဒီအလုပ်ကိုစိတ်ဝင်စားလာတာလို့ သူကဆိုပါတယ်။

“အခုနောက်ပိုင်း Surprise တိုက်တာကို သူ့ထက်ငါအပြိုင်ကိုလုပ်လာကြတယ်။ ကျွန်မတို့ရဲ ကာကာ (ဖောက်သည်) တွေကတော့ ထိုင်းမှာနေတဲ့သူတွေပါ” လို့ သူက ပြောပါတယ်။

သူဟာ Surprise ခေတ်စားလာတော့ ငွေစက္ကူနဲ့ ပန်းစည်းဒီဇိုင်းလုပ်တာကို YouTube က Video တွေကြည့်ပြီး လုပ်တတ်အောင် သင်ခဲ့တာလို့ ဆိုပါတယ်။

အခုလို သီတင်းကျွတ်အချိန်မျိုးဆို ပန်းစည်းအော်ဒါတွေ လက်မလည်အောင်လုပ်ပေးနေရပြီးတော့ ပန်းစည်း တစ်စည်းအတွက် သုံးနာရီကနေ ငါးနာရီလောက်အထိ အချိန်ပေးရတယ်လို့ ဆိုပါတယ်။

“တစ်နေ့ကိုဆို ပန်းစည်း ရှစ်စည်းလောက်ပြီးပါတယ်” လို့ သူကဆိုပါတယ်။

ပန်းစည်းအော်ဒါမှာရင် ငွေစက္ကူအရွက်အရေအတွက်နဲ့ လုပ်ခယူပါတယ်။ ငွေစက္ကူအရွက်ရေ ၈၀ ကနေ ၁၀၀ ကြားဆိုရင် လက်ခအနေနဲ့ ခြောက်သောင်းကျပ်၊ ဆယ်ရွက်ဆိုရင် တစ်သောင်းကျပ် လက်ခကျသင့်ပါတယ်။

ပန်းစည်းလုပ်ပြီးရင်တော့ Surprise သွားလုပ်မယ့်အိမ်ကို ကိုယ်တိုင်သွား၊ အမှတ်တရ Video ရိုက်ပေးပြီးတော့ အော်ဒါမှာတဲ့သူကို တွဲပြီး Facebook မှာ ပို့စ်တင်ပေးရတာပါ။ အဲဒီအတွက် ဝန်ဆောင်ခထပ်ပေးစရာမလိုတော့ပါဘူး။

အခုနောက်ပိုင်းမှာ Surprise ဝန်ဆောင်မှုပေးတဲ့သူတွေ များပြားလာတာကြောင့် တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ဝန်ဆောင်မှုပိုကောင်းအောင် လုပ်လာကြပါတယ်။ အမှတ်တရ Video တွေကို သူ့ထက်ငါ ကောင်းအောင် လုပ်လာကြပါတယ်။

“အခုဆို Video Editing သင်တန်းတောင် တက်ရမလိုဖြစ်နေတယ်” လို့ မအေမီက ဆိုပါတယ်။

တစ်ခါတလေမှာ အတွေ့အကြုံမရှိတဲ့ အသက်ကြီးပိုင်းတွေကို Surprise လက်ဆောင်သွားပို့ရာမှာ ရယ်အားထက် ငိုအားသန်ခဲ့ရတာတွေလည်း ကြုံတွေ့ခဲ့ရပြီး‌ သွားပို့တဲ့ လက်ဆောင်ပစ္စည်းကို ပြန်ယူလာခဲ့ရတာတွေလည်းရှိတယ်လို့ ထားဝယ်မြို့နဲ့ အနီးတဝိုက်ကို Surprise ဝန်ဆောင်မှုပေးနေတဲ့ ကိုဝေယံမင်းရှိန်က ပြောပါတယ်။

“အိမ်ထဲဝင်ချိန်မှာ တချို့တွေက မောင်းထုတ်တာတွေမျိုး အဲဒီလိုမျိုးတွေ ရှိတယ်” လို့ သူကဆိုပါတယ်။

ချစ်သူကောင်လေးက ကောင်မလေးအတွက် လက်ဆောင် Surprise Box သွားပို့တဲ့အချိန် ကောင်မလေးမိဘက သဘောမတူတာကြောင့် မောင်းထုတ်တာ ခံခဲ့ရတာပါ။

တချို့လူကြီးတွေကတော့ ဗီဒီယိုတကားကားရိုက်ပြီး အုပ်စုလိုက်လာလေ့ရှိတဲ့ Surprise ဝန်ဆောင်မှုပေးတဲ့အဖွဲ့တွေကိုမြင်ရင် ကြောက်လန့်ကြတာမျိုးလည်းပါတယ်။

“အဒေါ်ရင်ဘတ်တွေ အရမ်းတုန်နေပြီ။ ဇောချွေးတွေဘာတွေ ပြန်ပြီး၊ ပြီးမှ သူတို့က ပန်းတစ်စည်းနဲ့ လာပြီးတော့ စပရိုက်လာလုပ်တယ်ဆိုပြီးတော့ ပြောတယ်။ အခုခေတ်က သိတဲ့အတိုင်းပဲလေ။ ကြောက်နေရတယ်မလား” လို့ ဒေါ်ဝင်းအေးက ဆိုပါတယ်။

သားသမီးတွေ ပြည်ပကိုထွက်ခွာသွားတဲ့အချိန် အိမ်မှာ အထီးကျန်ပြီး ကျန်ရစ်တဲ့ မိဘ၊ ဖိုးဖွားတွေအတွက် Surprise ဝန်ဆောင်မှုက ခဏတာဖြစ်ဖြစ် ပျော်ရွှင်မှုကိုဖြစ်စေတယ်လို့ ကိုဝေယံမင်းရှိန်က ပြောပါတယ်။ ဒါကြောင့်လည်း ဒီအလုပ်ကို လုပ်ဖြစ်တာလို့ဆိုပါတယ်။

အာဏာသိမ်းမှုအောက်က သီတင်းကျွတ်မီးထွန်းပွဲက ‌မီပန်း‌ဖောက်သံအစား သေနတ်သံတွေ၊ ဗုံးသံတွေနဲ့၊ တိုးတိုးတိတ်တိတ် ကျင်းပတဲ့ သပိတ်မျှောပွဲကလည်း ခြောက်‌ခြောက်ကပ်ကပ်နိုင်လှပါတယ်။ တချို့တွေအတွက် သီတင်းကျွတ်မှန်းပင် အမှတ်မထားမိလိုက်ကြတဲ့ သီတင်းကျွတ်ဖြစ်မှာပါ။

ဒါပေမယ့် ဒေါ်ဌေးဌေးနဲ့ ဒေါ်အေးဝင်းတို့ရင်ထဲမှာတော့ သားသမီးတွေကျေးဇူးပြန်ဆပ်တဲ့ အငွေ့အသက်တွေ လွှမ်းထုံနေတဲ့ ပျော်စရာ ပီတိဖြစ်စရာ သီတင်းကျွတ်ကာလ အခိုက်အတန့်ဖြစ်ခဲ့ရပါတယ်။

“မျက်ရည်ကြီးပေါက် ကျမိတယ်။ အရမ်းကိုလည်း ဝမ်းသာပီတိဖြစ်တယ်။ ဝမ်းနည်းပီတိလည်းဖြစ်တယ်” လို့ ဒေါ်အေးဝင်းက ဆိုပါတယ်။