ကော့သောင်းသို့ ပြန်လည်လွှဲပြောင်းသူတို့တွင် ကိုဗစ်ပိုးဆက်တိုက်တွေ့လာ

0
3659

ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးသူတို့တွင် ကိုဗစ်ပိုး ဆက်တိုက်တွေ့ရှိ လာနေကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

အောက်တိုဘာလ ၂ ရက်က ရနောင်းဘက်မှ ကော့သောင်းသို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၇၈ ဦးတို့အနက် အမျိုးသားသုံးဦးတို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ယင်းဌာနက ထုတ်ပြန် ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၀ ဦးကျော်အနက် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၈ ဦးတို့တွင် ကို‌ဗစ်ပိုးတွေ့ရှိခဲ့သည်။

ထို့အပြင် ဩဂုတ်လ ၁၇ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၂ ဦးအနက် အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၃၃ ဦးတို့တွင် ပိုးတွေ့ရှိခဲ့သေးသည်။

မြို့နေလူထုတွင် မဟုတ်ဘဲ ထိုင်းနိုင်ငံမှ ပြန်လာသူများတွင်သာ ကိုဗစ်ပိုးတွေ့ခြင်းဖြစ်သဖြင့် မြို့ပေါ်တွင် ပါဆယ် စနစ်ဖြင့် ရောင်းချခြင်း၊ အသွားအလာကန့်သတ်ခြင်း စသည့် ကို‌ဗစ်ဆိုင်ရာစည်းကမ်းချက်များ ချမှတ်တင်းကျပ်ခြင်း မရှိသေးကြောင်း ကော့သောင်းမြို့ခံအချို့က ပြောသည်။

“ကိုဗစ်ပိုးတွေ့တဲ့သူတွေက ရနောင်းဘက်ကနေ လွှတ်လိုက်တဲ့သူတွေဆိုတော့ (မြို့မှာ ကိုဗစ်) စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတာမျိုး မရှိပါဘူး” ဟု ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

အထက်ပါ လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းမြို့ရှိ လူဝင်မူကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံရပြီးမှ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ကော့သောင်းဘက်သို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အား ကွာရန်တင်းစခန်း ဝင်ရောက်ခြင်း၊ ကိုဗစ်ပိုးတွေ့သူတို့အား သီးသန့်လူနာဆောင်တို့တွင် ဆေးဝါးကုသမှု ခံယူမှုများ ပြုလုပ်ပေးနေကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။

ယခုနှစ်အစမှစပြီး လက်ရှိအချိန်အထိ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ နှစ်ထောင်နီးပါး ရှိလာနေပြီဖြစ်ကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။