လောင်းလုံး အောက်ကျောက်ဝပ်ရွာသားတစ်ဦး ပစ်သတ်ခံရ

0
5390
အောက်ကျောက်ဝပ်ကျေးရွာ ကျွန်းသာယာ တံတား အနီးတွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ရွာတွင် စက်တင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်းက အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပစ်သတ်ခံရသူမှာ ထားဝယ် – ရှင်‌မော် ပြေးဆွဲသည့် ခရီးသည်တင်မော်တော်ယာဉ် ယာဉ်မောင်း ဦးမြင့်စိန်ဆိုသူ ဖြစ်သည်။

ဦးမြင့်စိန်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ထားဝယ်မှအပြန် ကားသိမ်းပြီးနောက် ယင်းကျေးရွာအနီး ပင်လယ်ဒီရေတောစပ်တွင် ဂွေး (ငါးပိလုပ်သည့် ငါးအကောင်ငယ်တစ်မျိုး) ထိုးသွားမည်ဟု နေအိမ်မှ ထွက်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းနောက် ကျေးရွာအလွန် ဒေသအခေါ် ကျွန်းသာယာအနီးက ဇင်းကျောင်းသား အလှူခံမဏ္ဍပ်အနီးတွင် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သေနတ်သံ လေးချက်ကြားရတယ်။ ဦးခေါင်း ညာဖက်တစ်ချမ်းလုံး ကြေသွားတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။

ဦးမြင့်စိန်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယင်းအမျိုးသား၏ ရုပ်အလောင်းကိုမူ စက်တင်ဘာလ ၂၂ ရက် ညနေ ၃ နာရီဝန်းကျင်တွင် ‌အရေးပေါ် လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားခဲ့သည်ဟု ပို့ဆောင်ပေးခဲ့သည့် လူမှုကူညီရေး အသင်းအဖွဲ့ထံမှ သိရသည်။

အောက်ကျောက်ဝပ်ကျေးရွာသည် ထားဝယ် ရှင်မော်သွားကားလမ်းမတွင် ရှိသည်။