စက်သုံးဆီနှင့် အထွေထွေစရိတ် ကြီးမြင့်သဖြင့် ကမ်းဝေးငါးဖမ်းလှေ ထက်ဝက်ခန့် ရပ်နားထားရ

0
4051

ယခုနှစ် ငါးဖမ်းရာသီတွင် စက်သုံးဆီနှင့် အထွေထွေစရိတ် ကြီးမြင့်ပြီး တွက်ခြေမကိုက်သဖြင့် ကမ်းဝေးငါးဖမ်းလှေ ထက်ဝက်ကျော် ရပ်နားထားရကြောင်း ငါးဖမ်းလှေပိုင်ရှင်များထံမှ သိရသည်။

ယခုနှစ် ကမ်းဝေးငါးဖမ်းလှေ ငါးဖမ်းရာသီမှာ ပြီးခဲ့သည့် ဩဂုတ်လတွင်စတင်ခဲ့ပြီး တစ်လစောကာ ဇူလိုင်လတွင် ငါးဖမ်းခွင့်ရသည့်လှေများလည်းရှိသည်။ သို့သော် စရိတ်ကြီးမြင့်မှုကြောင့် လှေထက်ဝက်ခန့် မထွက်နိုင်ကြကြောင်း ကော့သောင်းနှင့် မြိတ်က လှေပိုင်ရှင်များကို မေးမြန်းချက်အရ သိရသည်။

“စက်သုံးဆီတွေ၊ (လှေ) အထွက်စရိတ်တွေက ဈေးကြီးတော့ မကိုက်ဘူး။ နားပြီးအခြေအနေ စောင့်ကြည့် နေကြတယ်” ကော့သောင်းမြို့နေ ငါးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် ငါးဖမ်းရာသီက ကမ်းဝေး (ဝါတန်း) ငါးဖမ်းလှေတစ်စီး လှေတစ်ခေါက် ထွက်စရိတ် ငွေကျပ်သိန်းလေးရာ ကုန်ကျနေရာမှ လက်ရှိတွင် ကျပ်သိန်းတစ်ထောင်ခန့် ကုန်ကျကြောင်း လုပ်ငန်းရှင်အချို့က ဆိုသည်။

လှေတစ်ခေါက် ထွက်လျှင် တစ်လမှ နှစ်လအထိ ကြာမြင့်တတ်သည်။

အလားတူ စရိတ်ကြီးမြင့်မှုကြောင့် မြိတ်မြို့က ကမ်းဝေးငါးဖမ်းလှေများသည်လည်း ရပ်နားနေရကြောင်း လုပ်ငန်းရှင်များက ပြောသည်။

“ထွက်တဲ့လှေတွေလည်း ထွက်နေကြသလို တချို့ကလည်း ရပ်နားထားကြတယ်။ ဆီဈေးအခြေအနေ စောင့်ကြည့် နေကြတာပေါ့” ဟု မြိတ်မြို့နေ ကမ်းဝေးငါးဖမ်းလှေ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရပ်နားထားသည့် လှေအရေအတွက်ကို စာရင်းကောက်ယူထားခြင်း မရှိသော်လည်း ဥပမာ လှေနှစ်စီး ရှိသူတွင် တစ်စီးသာ ထွက်သဖြင့် ထက်ဝက်ကျော် ရပ်နားထားရသည်ဟု ပြောဆိုခြင်းဖြစ်ကြောင်း လှေပိုင်ရှင်များက ပြောဆိုကြသည်။

ရပ်နားနေကြရသည့် လှေများမှ ရေလုပ်သားများသည် လက်ရှိအချိန်တွင် ကြုံရာကျပန်းအလုပ်များ လုပ်ကာ ရပ်တည်နေရကြောင်း ရေလုပ်သားများက ပြောသည်။

“တစ်ခေါက်ပဲ ထွက်ရသေးတယ်။ အထွက်စရိတ်ရှုံးလို့ ပြန်ဝင်လာတယ်။ အခု တစ်နေ့ ၉၀၀၀ နဲ့ ပန်းရံလိုက်ဆင်းနေတယ်” ဟု ရေလုပ်သားတစ်ဦး၏ မိခင်က ပြောပြသည်။

မိုးလေဝသအခြေအနေကြောင့် ငါးအရနည်းပြီး ငါးဈေးနှုန်းသည်လည်း ယခင်နှစ်က ပေါက်ဈေးအတိုင်းသာ ထိုင်းမှ ဝယ်ယူနေသဖြင့် လုပ်ငန်းရှင်များ တွက်ခြေမကိုက်ဖြစ်နေကြောင်း ငါးဖမ်းလှေပိုင်ရှင်များထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ငါးဖမ်းရာသီတွင် စက်သုံးဆီ တစ်ပေပါ ပေါက်ဈေး သုံးသိန်းဝန်းကျင်သာရှိခဲ့ရာမှ လက်ရှိအချိန်တွင် ကျပ်ရှစ်သိန်းဝန်းကျင် ပေါက်ဈေးရှိနေသည်ဟု လုပ်ငန်းရှင်များက ပြောပြသည်။

တနင်္သာရီတိုင်းတွင် ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် အများဆုံးဖြစ်ကာ ရန်ကုန်၊ ဧရာဝတီ၊ မွန်နှင့် ရခိုင်ပြည် စသည် ပြည်နယ်နှင့် တိုင်းလေးခုတွင် ကမ်းဝေးငါးဖမ်းလှေ ၁၇၀၀ ခန့်သာရှိကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာန စာရင်းအရသိရသည်။

ကမ်းဝေးငါးဖမ်းလှေတစ်စီးလျှင် အနည်းဆုံး ရေလုပ်သား ၁၅ ဦးမှ ၄၀ ဦးအထိ လုပ်ကိုင်နေကြသည်။