ပုလော လက္ကူးရွာအုပ်စုအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

0
4141

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၁၅ရက် ည ၈ နာရီဝန်းကျင်တွင် အသက် ၆၀ အရွယ် အုပ်ချုပ်ရေးမှူး ဦးဝင်းကြွယ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

လက္ကူးကျေးရွာနှင့် မှော်ကြောင်းကျေးရွာကြား လမ်းခုလတ်တွင် ပစ်ခတ်ခံရကြောင်း ဒေသခံတို့က ဆိုသည်။

“သူက မှော်ကြောင်းရွာသား။ ရွာမှာတစ်လှည့် စစ်တပ်ထဲမှာ တစ်လှည့်နေတာ။ ဖိုးမဲတုံး ကော်ပတ်တော (ရော်ဘာခြံ) နားမှာ ပစ်သတ်ခံရတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

လက္ကူးကျေးရွာအုပ်စု မှော်ကြောင်းရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ တပ်စွဲထားသည့် စစ်ဆေးရေးဂိတ်တစ်ခုရှိကြောင်း ဒေသခံများထံမှသိရသည်။

“အရင်တစ်ခါကလည်း သူ့ကိုလာပြီး ခြောက်ပစ်သေးတယ်။ အိမ်ပေါ်ကနေ လယ်ကွင်းထဲ ဆင်းပြေးရပြီးပြီ” ဟု ဒေသခံ နောက်အမျိုးသားတစ်ဦးက ပြောသည်။

ဦးဝင်းကြွယ်သည် ကျေးရွာအတွင်း လောင်းကစားဝိုင်းများ အကြီးအကျယ် ပြုလုပ်နေသူဖြစ်ပြီး ယင်းနယ်တစ်ဝိုက်တွင် လက္ကူးကြက်ဝိုင်းသည် နာမည်ကြီးကြောင်း ဒေသခံများက ပြောပြသည်။

သို့သော် ဦးဝင်းကြွယ် ပစ်ခတ်ခံရသည့်အကြောင်းအရင်းနှင့် မည်သူတို့က ပစ်ခတ်သွားသည်တို့ကိုမူ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ကမူ ပုလောမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ၂၀၂၂ ခုနှစ် မေလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး နုတ်ထွက်ပေးရန်၊ မထွက်လျှင် စစ်ရေးအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးချက်ထုတ်ခဲ့သည်။

အုပ်ချုပ်ရေးမှူးများကို အမည်စာရင်းနှင့်တကွ ထုတ်ပြန်ချက်ထွက်ပြီးနောက် အုပ်ချုပ်ရေးမှူးအချို့ နုတ်ထွက်ကြပြီး လက္ကူးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ခိုမှာလည်း နုတ်ထွက်သွားကြောင်း ယင်းကျေးရွာအုပ်စုမှ ဒေသခံအချို့ ပြောသည်။

ယင်းနောက် ဦးဝင်းကြွယ်မှာ အုပ်ချုပ်ရေးမှူး တာဝန်ယူထားခြင်းဖြစ်သည်ဟုလည် ၎င်းတို့က ပြောသည်။

သို့သော် ဦးဝင်းကြွယ် ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က ယနေ့ (စက်တင်ဘာ ၁၆) နံနက်ပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမျိုး မတွေ့ရသေးပေ။