ငရုတ်သီးခြောက်တစ်ပိဿာ နှစ်သောင်းကျပ်အထိဖြစ်လာ

0
994
Photo - Myanma Platform

ထားဝယ်တွင် ငရုတ်သီးခြောက်တစ်ပိဿာ ကျပ်နှစ်သောင်းအထိဖြစ်လာပြီး ငရုတ်ပုခြောက်မှာ ဈေးကွက်အတွင်း ပြတ်လပ်သည်အထိဖြစ်နေကြောင်း ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးတွင် ကုန်စုံဆိုင်ရောင်းချနေသူများထံမှ သိရသည်။

ငရုတ်သီးခြောက် (ရွှေအပ်ခြောက်) ဈေးနှုန်းမှာပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က တစ်ပိဿာ ၁၀၀၀၀ ကျပ်ရှိရာမှ ယနေ့ ဩဂုတ် ၁၀ ရက်နေ့တွင် ၂၀၀၀၀ ကျပ်အထိဖြစ်လာပြီး ဈေးနှစ်ဆမြင့်တက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ထို့အပြင် ငရုတ်ပုခြောက်မှာလည်း ဇူလိုင် ၁၅ ရက်နေ့တွင် တစ်ပိဿာ ၁၄၀၀၀ ကျပ်ရှိရာမှ ယနေ့ ဩဂုတ် ၁၀ ရက် ဈေးနှုန်းမှာ တစ်ပိဿာ ၂၀၀၀၀ ကျပ်ခန့်ဖြစ်လာပြီး ခြောက်ထောင်ကျပ်ခန့်ဈေးတက်သွားခြင်ဖြစ်သည်ဟု ထားဝယ်မြို့ စည်ပင်သာယာဈေးရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ငရုပုခြောက်ဆိုရင် ဝယ်လို့တောင်မရတဲ့အထိ ပစ္စည်းပြတ်နေတယ်။ ဆက်တက်ဖို့ရှိတယ်” ဟု ၎င်းက ဆိုသည်။

အခြေခံစားသောက်ကုန်များဖြစ်သော ငရုတ်သီး၊ ကြက်သွန်၊ အာလူး၊ ဆီ၊ မာဆာလာ စသည့် ပစ္စည်းများကို ထားဝယ် ဒေသတွင် မော်လမြိုင်နှင့် ရန်ကုန်မြို့မှ အများဆုံးမှာယူရောင်းချရကြောင်း ကုန်စုံဆိုင်ရောင်းချသူများထံမှ သိရသည်။

ယင်းနေရာများတွင် ဈေးတက်လျှင် ထားဝယ်တွင်မူ သယ်ယူစရိတ်ပါ ပေါင်းထည့်ရသဖြင့် ပိုပြီးဈေးတက်လေ့ရှိကြောင်း ၎င်းတို့က ဆိုသည်။  

“ကုန်ဈေးနှုန်းက ဒီနေ့ ဒီမှာရောင်းတဲ့ဈေးက မနက်ဖြန်ရန်ကုန်မှာ ပြန်ဝယ်ရတဲ့ ဈေးဖြစ်လာနေတယ်။ သင်္ဘောတင်ခနဲ့ ပေါင်းတော့ ဈေးက မြင့်လာတာပေါ့” ဟု ကော့သောင်းမြို့တွင် ကုန်စုံဆိုင်ရောင်းချသူတစ်ဦးက ပြောသည်။

ကုန်ဈေးနှုန်းများ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေသောကြောင့် ဝင်ငွေနည်း အခြေခံပြည်သူများမှာ ညဉ်းတွားနေကြသည်။

“အရင်က ၇၀၀ တန် ငရုတ် အကြမ်းမုန့်လေး တစ်ထုပ်တောင်မှ အခု ၁၁၀၀ လောက်ရှိတယ်။ နယ်မှာဆို စရိတ်ပေါင်းတော့ ပိုတက်တာပေါ့” ဟု လောင်းလုံးမြို့နယ်မှ စားသုံးသူပြည်သူတစ်ဦးက ပြောဆိုသည်။

ကြက်သွန်နီဈေးနှုန်းမှာလည်း လက်ကားဈေးကွက်တွင် တစ်ပတ်အတွင်း တစ်ပိဿာကို ငွေကျပ်သုံးရာခန့် မြင့်တက်သွားသောကြောင့် ယနေ့ဩဂုတ် ၁၀ ရက်နေ့ လက်လီဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာကို ၂၈၀၀ ကျပ်အထိ ဖြစ်လာနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထားဝယ်မြို့နည်းတူ ကော့သောင်းနှင့် မြိတ်မြို့များတွင်လည်း ယနေ့ ဩဂုတ် ၁၀ ရက်နေ့ ဈေးနှုန်းအရ ငရုတ်သီးခြောက်တစ်ပိဿာ ငွေကျပ်နှစ်သောင်းခန့်ဖြစ်နေကြောင်း စုံစမ်းသိရသည်။