မွန်တော်လှန်ရေးနေ့ စိန်ရတုအခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပမည်

0
557

ဝါခေါင်လပြည့်နေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် ကျရောက်မည့် (၇၅) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ဗဟို အခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပမည်ဖြစ်ကြောင်း မွန်တော်လှန်ရေးနေ့အခမ်းအနားကို ဦးဆောင် ကျင်းပလာခဲ့ကြသည့် မွန်လူငယ်တို့ထံမှ သိရသည်။

မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနားကို မွန်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးသွားခဲ့ကြသည့် မွန်ခေါင်းဆောင်များ အုတ်ဂူတည်ရှိရာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝင်းစိန်တောရသာသနာ့ကျောင်းဝင်းထဲတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။

ယခုနှစ်တွင်မူ လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် Covid-19 ကူးစက်ရောဂါတို့ကြောင့် အခမ်းအနားကို အကျဉ်ချုံးသာ ကျင်းပသွားရန် စီစဉ်ရခြင်းဖြစ်ကြောင်း အခမ်းအနားကျင်းပရေးကော်မတီတို့ထံမှ သိရသည်။

“ဒီနှစ်မှာ ကျရောက်တဲ့ မွန်တော်လှန်ရေးနေ့ အခမ်းအနားကို နိုင်ငံရေးအခြေအနေအရ လုံခြုံရေးအခြေအနေကို ကြည့်ပြီး ခန်းမတစ်ခုမှာပဲ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်” ဟု အဆိုပါကော်မတီမှ တာဝန်ရှိသူက ပြောသည်။

အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်သွေးချွေးစတေးခဲ့ကြသည့် ခေါင်းဆောင်များကို ဂါရဝပြုရန်နှင့် လူငယ်များ တော်လှန်ရေးစိတ်ဓာတ် ရှင်သန်နေစေရန် ရည်ရွယ်ချက်နှင့် မွန်လူငယ်များက ဦးဆောင်ပြီး မွန်တော်လှန်ရေးနေ့ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်။

“ကျွန်တော်တို့လူမျိုးလွတ်မြောက်ရေးအတွက် ကျွန်တော်တို့ခေါင်းဆောင်တွေ အများကြီး ပေးဆပ်ခဲ့ကြတယ်။ အမျိုးသားလွတ်မြောက်ရေးက ကျွန်တော်တို့မှာလည်း တာဝန်ရှိတယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့ လူငယ်တွေပေါ့” ဟု မွန်လူငယ် မင်းချမ်းမွန်က ပြောသည်။

မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်လူငယ်များ ဦးဆောင်ကျင်းပသည့်ဗဟိုအခမ်းအနားအပြင် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်နှင့် ခရိုင်အသီးသီးတို့တွင်လည်း ကျင်းပကြသည်။

ယခင်အစိုးရလက်ထက်က မွန်လူငယ်များ ဦးဆောင်ကျင်းပသည့် တော်လှန်ရေးနေ့ကို ကန့်သတ်မှုများရှိခဲ့သလို မွန်ပြည်သစ်ပါတီက ကျင်းပသည့် တော်လှန်ရေးနေ့ကိုလည်း စစ်ဝတ်စုံဖြင့် စစ်ရေးပြချီတက်ခြင်း မပြုလုပ်ရန်လည်း တားမြစ်ခံခဲ့ရသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် မွန်အမျိုးသားများသည် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရန်အတွက် ဖဆပလ အစိုးရထံ ဥပဒေဘောင်အတွင်း နှစ်ရှည်လများ တောင်းဆိုခဲ့သော်လည်း မရခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် မွန်လူငယ်အဖွဲ့တို့က မော်လမြိုင်အရှေ့ခြမ်း ဇာသပြင်ကျေးရွာရှိ ရဲစခန်းအပါအဝင် ဂျိုင်းမြစ်တစ်လျှောက်ကျေးရွာကြီးတွင်ရှိသည့် ကာကွယ်ရေးတပ်များ၏ လက်နက်များကို စီးနင်းသိမ်းပိုက်ခဲ့ရာမှ မွန်တော်လှန်ရေး အစပျိုးခဲ့သည်။

အဆိုပါ မွန်တော်လှန်ရေးအစပျိုးခဲ့သည့် ဝါခေါင်လပြည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သူတို့က နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။