တကူတွင် ဒေသခံ ၄၀ ခန့်ဖမ်းဆီးခံရပြီး ၂ ဦးသေနတ်ဖြင့် ပစ်ခံရ

0
266

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကော်တောရွာတွင် ဒေသခံရွာသား ၄၀ ခန့်ဖမ်းဆီးခံရပြီး သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့်  ၂ ဦးဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများ ထံမှသိရသည်။

သြဂုတ်လ ၈ရက်နေ့ နံနက် ၆ နာရီတွင် ကော်တောကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ခဲ့ပြီးနောက် စစ်ကောင်စီတပ် ဝင်ရောက်လာကာ ကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၄၀ ခန့်ကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။

ကိုဘသော်ဆိုသူမှာ သေနတ်ထလုသဖြင့် အပစ်ခံရခြင်းဖြစ်ပြီး ဝမ်းဗိုက်၊လက်မောင်း၊ ပေါင်တွင်တစ်ချက်စီ အပစ်ခံရခြင်းဖြစ်ကြောင်း၊ မတူးဆိုသည့် အမျိုးသမီးတစ်ဦးလည်း ထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်ခံရပြီး ခြေထောက်တွင် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှသိရသည်။

 “နှစ်ဦးစလုံးကို အရေးပေါ်ကားနဲ့ တင်သွားကြတယ်”ဟု ဒေသခံအမျိုးသမီးက ပြောသည်။

သေနတ်ထလုသဖြင့် ပစ်ခတ်ခံရသူမှာ ဘသော်ဖြစ်ပြီး မူးယစ်ဆေးသုံးစွဲခြင်းကြောင့် စိတ်မူမမှန်ကြောင်း ဒေသခံများ ကပြောသည်။

“ဘသော်ရဲ့အဖေ ဖိုးသာထူး ကထွက်ပြေးတာ လွတ်သွားတယ်လို့သိရတယ်”ဟု ဒေသခံအမျိုးသမီး ကပြောသည်။

အခြားအမျိုးသား တစ်ဦးသည်လည်း ဦးခေါင်းတွင် သေနတ်ဒင်ဖြင့် ရိုက်ထားသည့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ကဆိုသည်။

လက်ရှိတွင်တော့ စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသားအားလုံး ပြန်လည်လွှတ်ပေးလိုက်သည့်အတွက် ရွာသို့ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း ၎င်းတို့ကပြောသည်။

သြဂုတ်လ ၇ ရက်ညနေ ၅ နာရီခန့်က သိန္ဒောကျေးရွာအုပ်စုဖက်မှ တကူကျေးရွာအုပ်စု၊ ကိုးအင်းဘုရားတောင် သို့ရောက်ရှိလာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တို့အကြား မိနစ် ၃၀ ခန့်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သည်။

တကူ၊သရဘွင်ကျေးရွာအုပ်စုတို့တွင် ပြီးခဲ့သည့်မေလ တတိယအပတ်မှစတင်ပြီး နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွါးခဲ့ပြီးနောက် ဒေသခံများ ထွက်ပြေးခဲ့ရသည်။

ထွက်ပြေးခဲ့ရသည့် ဒေသခံများ ရက်ပိုင်းအတွင်းက ပြန်လည်ရောက်ရှိလာကြပြီးနောက် ယခုလိုပြန်လည် ပစ်ခတ်မှုဖြစ်ပွားလာခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှာ တကူကျေးရွာအုပ်စုအတွင်းမှ ဘန်လင်ကျေးရွာဖက်သို့ ဆုတ်ခွါသွားပြီး ဘန်လင်ရွာသို့ ရောက်ရှိပြီးမှ ရွာသားများအား ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။