တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်လာ

0
433
ပုံစာ - မေလ ၁၆ ရက်က ထွက်ပြေးတိမ်းရှောင်ကြသည့် တကူ၊ သရဘွင် ကျေးရွာအုပ်စုတို့က ဒေသခံများ။

တနင်္သာရီမြို့နယ် စစ်ဘေးရှောင်ပြည်သူများ ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ နေရပ်သို့ ပြန်လာနေကြကြောင်း ဒေသခံများထံမှ သိရသည်။

တကူ၊ သရဘွင်၊ သိန္ဒောစသည့် ကျေးရွာအုပ်စုတို့မှ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ပြည်သူများ နေရပ်သို့ ပြန်လာကြကြောင်း ဒေသခံများက ပြောသည်။

“တော်တော်များများတော့ တဖြေးဖြေးနဲ့ ပြန်လာနေကြပြီ။ မလာကြသေးတဲ့လူတွေလည်း ရှိနေသေးတယ်” ဟု တကူ၊ သံတိုက်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ သရဘွင်နှင့် သိန္ဒောကျေးရွာတို့မှ စစ်ဘေးရှောင်နေသူများသည်လည်း နေရပ်သို့ ပြန်လည်ရောက်ရှိ လာနေကြောင်း ဒေသခံများက ပြောသည်။

“အားလုံးနီးပါးတော့ ပြန်ရောက်လာကြပြီဆိုပေမယ့် တိုက်ပွဲက ဘယ်အချိန် ထဖြစ်ဦးမယ် မသိသေးဘူး” ဟု သရဘွင်ကျေးရွာအုပ်စုနေ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ ယင်းကျေးရွာများတွင် မရှိတော့သည့်အတွက် နေရပ်ပြန်လာကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။

တကူ၊ သရဘွင်နှင့် သိန္ဒောကျေးရွာအုပ်စုတို့တွင် ပြီးခဲ့သည့်မေလ တတိယအပတ်မှစတင်ပြီး နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲကြောင့် ဒေသခံတစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး နှစ်လကျော်ကြာမှ နေရပ်သို့ ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။

မေလ ၁၉ရက် ညဦးကစတင်ခဲ့သည့် တိုက်ပွဲများကြောင့် တကူတိုက်နယ်ရှိ သံတိုက်၊ ရွာမ၊ အင်းရှည်ကုန်း၊ ပြည် အေး၊ တကူငယ်၊ အလယ်ပိုင်း၊ လမိုင်းကော့နှင့် သရဘွင်ကျေးရွာအုပ်စုရှိ သရဘွင်အရှေ့ကမ်း၊ ကျောက်တောင်၊ စံပယ်ကုန်း၊ သာယာကုန်း၊ မယ်ငေါ့၊ တလိုင်းတပ်စသည့်ကျေးရွာများမှ ဘေးလွတ်ရာသို့ ထွက်ပြေးလာသူ တစ်သောင်း လေးထောင်ဝန်းကျင်ရှိကြောင်း တနင်္သာရီစစ်ရှောင်များအားကူညီနေသည့် Compission For IDP က ထုတ်ပြန်ထားသည်။

အလားတူ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအနောက်ကမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ယခုရက်ပိုင်း အတွင်း ပြန်လည်ဆုတ်ခွာသွားသည့်အတွက် တောအတွင်း စစ်ရှောင်နေသည့် ရွာသားတချို့ထက်ဝက်ရွာသို့ ပြန်လည် ရောက်ရှိလာသည်ဟု ဒေသခံများက ပြောသည်။

သို့သော် ရွာသားအများစုဖြစ်သည့် အမျိုးသမီးနှင့် ကလေးများမှာ တောတောင်ဥယျာဉ်များအတွင်း ဆက်လက်နေထိုင် နေကြဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လယ်သစ်ကျေးရွာတွင်လည်း ဖေဖော်ဝါရီလမှစကာ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့အကြား မကြာခဏ တိုက်ပွဲငယ်များ ဖြစ်လေ့ရှိသည်။

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်းမှာ ဇွန်လအထိ စစ်ဘေးရှောင်ဦးရေ နှစ်သောင်းနီးပါးအထိ မြင့်တက် ခဲ့ပြီး လက်ရှိအချိန်တွင်မူ ရှစ်ထောင်ကျော်ကျန်သေးကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့် ဒေါနစစ်ဘေးရှောင် အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။