မြန်မာမိန်းကလေးအား အဓမ္မကျင့်သည့် ထိုင်းတက္ကစီသမားကို ထောင်ဒဏ် ၁၃နှစ်ကျော်ချ

0
406
ပုံစာ - တရားခံကိုဖမ်းမိပြီးနောက် ဧပြီလ ၂၃ ရက်နေ့တွင် ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းစဉ်။ Photo - HRDF Mahachai

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆယ်ကျော်သက် မြန်မာမိန်းက‌လေးတစ်ဦးကို လိမ်လည်ခေါ်ဆောင်ကာ လက်ထိပ် ခတ်ပြီးအဓမ္မပြုကျင့်ခဲ့သော ထိုင်းနိုင်ငံသားတက္ကစီယာဉ်မောင်းကို ဩဂုတ်လ ၂ရက်တွင် တရားရုံးက ထောင်ဒဏ် ၁၃နှစ်ကျော် ပြစ်ဒဏ်ချမှတ်လိုက်သည်။

အသက် ၃၉ အရွယ် Adrik Sae Bae ဆိုသည့် တက္ကစီသမားက ပြစ်မှုကျူးလွန်ကြောင်း တရားရုံးတွင် ဝန်ခံသဖြင့် ပြစ်ဒဏ်ကို လျှော့ပေါ့၍ ထောင်ဒဏ် ၁၂နှစ်နှင့် ၂၁ လ (၁၃နှစ်နှင့် ကိုးလ) အမိန့်ချမှတ်ခဲ့ပြီး ငွေဒဏ်လည်း ချမှတ်ခဲ့ ကြောင်း ယင်းအမှုတွင် နစ်နာသူ မြန်မာမိန်းကလေးကို ကူညီဆောင်ရွက်ပေးခဲ့သည့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း မဟာချိုင်ရုံး (HRDF Mahachai) ထံမှ သိရသည်။

အသက် ၁၇ နှစ်အရွယ် မြန်မာမိန်းကလေးသည် ဘန်ကောက်မြို့တွင် အလုပ်ရှာဖွေနေသူ ဖြစ်ပြီး ထိုင်းစကား ကျွမ်းကျင်သော အဒေါ်ဖြစ်သူက Facebook ပေါ်တွင် Post တင်ပြီး အလုပ်ရှာပေးရန် အကူအညီတောင်းခံခဲ့သည်။

ယင်းနောက် ပရိုဖိုင်အတုဖြင့် ထိုင်းတက္ကစီသမား Adrik Sae Bae သည် ယင်း Post အောက်တွင် “အလုပ်ပေးမယ်။ မိန်းက‌လေးကို လာကြိုရန်အတွက် တက္ကစီတစ်စီး လွှတ်လိုက်မယ်” ဟု အလုပ်ရှင်ဟန်ဆောင်ကာ ရေးသားခဲ့သည်။

ယင်းနောက် ဧပြီလ ၁ရက်နေ့တွင် တက္ကစီသမားသည် အလုပ်ရှင်က ခေါ်ခိုင်းလိုက်သည်ဟုဆိုပြီး အဒေါ်ဖြစ်သူ၏ တိုက်ခန်းသို့ တက္ကစီဖြင့်လာရောက်ကာ မြန်မာမိန်းကလေးငယ်ကို ခေါ်ဆောင်သွားပြီးနောက် မိုတယ်တွင် အတင်းအဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

Adrik Sae Bae သည် လုယက်မှု၊ ခြိမ်းခြောက်မှုနှင့် အဓမ္မပြုကျင့်မှုများ ကျူးလွန်ကြောင်း ထင်ရှားသဖြင့် အပြစ်ရှိကြောင်း ရာဇဝတ်မှုရေးရာမှုခင်းတရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

လက်နက်အသုံးပြု၍ အရွယ်မရောက်သေးသူအပေါ် မဖွယ်မရာပြုမှု၊ ခြိမ်းခြောက်မှု၊ ချုပ်နှောင်မှု၊ ညစ်ညမ်းရုပ်ပုံ လက်ဝယ်ထားမှု၊ လက်နက်အသုံးပြု၍ အဓမ္မပြုကျင့်မှုတို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ၁၅ နှစ်နှင့် ဝေါ်ကီတော်ကီ အသုံးပြုမှုကြောင့် ဒဏ်ငွေ ဘတ် ၄,၀၀၀ တို့ကို တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

သို့သော်လည်း ထိုင်းနိုင်ငံသားတရားခံက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ပြစ်ဒဏ်ကို လျှော့ပေါ့၍ ထောင်ဒဏ် ၁၂ နှစ်နှင့် ၂၁ လ ကို ချမှတ်ခဲ့ပြီး လျော်ကြေး ၂၀၀၀ ဘတ်ကို ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်ဟု HRDF Mahachai ထံမှ သိရသည်။

မြန်မာမိန်းကလေးထံမှ ခိုးယူထားသော ဖုန်းအတွက် (တန်ဖိုး ဘတ် ၃၀၀၀) ၊ ဘတ်ငွေ ၅၀၀ နှင့်အတူ နစ်နာဆုံးရှုံးသူအတွက် လျော်ကြေးငွေအဖြစ် ဘတ် သုံးသိန်းငါးသောင်းကျော်ကို အတိုးနှင့် တကွ ပေးဆောင်ရန်လည်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

ထိုင်းနိုင်ငံသား တက္ကစီသမား Adrik Sae Bae သည် မြန်မာမိန်းကလေးကို မိုတယ်တွင် လက်ထိပ်ခတ်၍ သုံးကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး ယင်းသို့ပြုကျင့်နေသည်ကို ဓါတ်ပုံ ရိုက်ကူးခဲ့သေးကြောင်း ထိုင်းရဲ့တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာမိန်းကလေးထံမှ ဖုန်းနှင့် ဘတ်ငွေ ၅၀၀ ကိုပါ ခိုးယူခဲ့ပြီးနောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားဟုဆိုကာ ရဲစခန်းသို့ပါ ကိုယ်တိုင်ပို့ဆောင် ဖမ်းဆီးစေခဲ့သည်။

ရဲအရာရှိများသည် မြန်မာမိန်းကလေးအား စကားပြန်အကူအညီဖြင့် စစ်ဆေးရာမှ အဖြစ်မှန်ကို သိရှိသွားသဖြင့် တရားခံ တက္ကစီသမားကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲ့တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာမိန်းကလေး အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ ထိုင်းအစိုးရရှေ့နေက တရားလိုအဖြစ် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း HRDF Mahachai ထံမှ သိရသည်။