ထားဝယ် မောင်မယ်ရှောင်ရွာအနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ

0
778

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ရေပြင်ကွေ့အနီးတွင် မြေသယ်ကားဖြင့်လာသည့် စစ်ကောင်စီတပ်ကို ဇူလိုင်လ ၁၄ ရက် နံနက် ၆ နာရီခွဲတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Dawei Guerrilla Revolutionary Force –DGRF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်စီးလာသည့် မြေသယ်ကားကို အင်အားပြင်းမိုင်းတစ်လုံး၊ ဆိုလာပြောင်း နှစ် လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အထက်ပါအဖွဲ့က ယနေ့ (ဇူလိုင် ၁၅) ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိနိုင်သည်ဟု DGRF က ထုတ်ပြန်ထားသည်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ကားမှာ နောက်ပြန်ဆုတ်လာကာ မိုင်းပေါက်ကွဲခဲ့သည့်နေရာတွင် စစ်ဆေးခဲ့ပြီး ထိုနေရာအနီးတွင် ရှိနေသည့် လူနေအိမ်အချို့ကိုလည်း စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း မောင်မယ်ရှောင် ကျေးရွာမှ ဒေသခံရွာသားတစ်ဦးက ပြောသည်။

“မိုင်းသံတော့ မနက်အစောကြီးကြားတယ်။ အသံတော့ တော်တော်ကြမ်းတယ်၊ သွားကြည့်တာလည်း တွင်းနှစ်တွင်းတော့ တွေ့တယ်။ စစ်တပ်က ပြန်သွားတော့ သွားကြည့်ကြည့်သေးတယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။

ဇူလိုင်လ ၁၃ ရက်နေ့ကလည်း မောင်မယ်ရှောင်ရွာရှိ CDM ဆရာမတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က လာဝိုင်းရာ လူမရှိသဖြင့် အဖမ်းခံရခြင်းမရှိဟု ဒေသခံများထံမှ သိရသည်။