လက်နက်ကြီးကျည်စထိမှန်၍ ကျောင်းဆရာမနှင့် တစ်နှစ်ကျော်အရွယ်သမီးငယ် သေဆုံး

0
245

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာထဲသို့ ဇွန်လ ၂၃ ရက်နေ့က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ကျောင်းဆရာမနှင့် ၎င်း၏ တစ်နှစ်နှင့်နှစ်လသားအရွယ် သမီးငယ်တို့ သေဆုံးကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်တပ်ရှိသည့် ဘီးလင်းမြို့နယ် နတ်ကြီးစခန်းဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

လက်နက်ကြီးကျည် နေအိမ်အနီးကျရောက်ပေါက်ကွဲသဖြင့် အစူးချောင်းကျေးရွာမှ အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာမဖြစ်သူ နော်စန်းစန်းဝင်း (ခေါ်) နော်အေးနှင့် သူမ၏ သမီးငယ်တို့ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“လက်နက်ကြီးတစ်လုံးက ဆရာမအိမ်ဘေးမှာ ကျပြီး ပေါက်ကွဲတာ။ ဆရာမနဲ့ သူ့ကလေး ထိသွားတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အစူးချောင်းကျေးရွာထဲကို ဘီးလင်းမြို့နယ်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံ ခမရ (၄၀၄) တပ်၊ စကခ (၈) လက်အောက်ခံ ပူးပေါင်းတပ်များ (နတ်ကြီး) စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု KNU ဘက်က ထုတ်ပြန်ထားသည်။

သို့သော်ယင်းအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဇွန်လ ၂၂ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် လေးကေကျေးရွာတွင် စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ် စခန်းကို KNLA/KNDO ပူးပေါင်းတပ်ဖွဲ့တို့ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် မင်းစောကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရသည်။

ယင်းကြောင့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခြေထောက် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

လက်နက်ကြီးများ ကျေးရွာအတွင်းနှင့် အနီးဝန်းကျင်တွင် ကျရောက်ပေါက်ကွဲမှုများ ရှိနေသဖြင့် ဒေသခံ ပြည်သူများ စိုးရိမ်ကြောက်လန့်နေကြပြီး ဘေးလွတ်ရာ တိမ်းရှောင်သွားသူလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။