သရက်ချောင်းတွင် ရွာချင်းဆက် ကြိုးတံတားတစ်စင်း ဖျက်ဆီးခံရ

0
344
ပုံစာ - ဖျက်ဆီး မခံရခင်နှင့် ဖျက်ဆီးခံရပြီးနောက် တွေ့ရသည့် ကြိုးတံတား

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာနှင့် သူရဲတောင်ရွာကို ဆက်သွယ်ထားသည့် ကြိုးတံတား ဖေဖော်ဝါရီလ ၂၇ ရက် ည ၉ နာရီခန့်က ဖျက်ဆီးခံရကြောင်း ‌ဒေသခံအချို့က ပြောသည်။

တံတားကြိုးများ ဖြတ်တောက်ခံရသဖြင့် တံတားပျက်စီးသွားပြီး ကင်းရှေ့ရွာဘက်ခြမ်း တံတားထိပ်တွင် ရှိသော အရက်ရောင်းသည့် အိမ်ဆိုင်နှင့် သုံးဘီးတစ်စီး၊ ဆိုင်ကယ်တစ်စီးမှာလည်း မီးရှို့ခံရကြောင်း ဒေသခံတို့က ဆိုသည်။

တရွာနှင့်တရွာ ကူးလူးဆက်ဆံ ရောင်းဝယ်ဖောက်ကားခြင်းအပြင် ဥယျာဉ်ခြံများသို့ သွားသည့်အခါ ယင်းတံတားကို အသုံးပြုနေရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

လက်ရှိတွင် တံတားပျက်ဆီးခံလိုက်ရသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားကြောင်း ကင်းရှေ့ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

တံတားကို ပျူစောထီးနှင့် စစ်တပ်က ဖျက်ဆီးခဲ့ခြင်းသာဖြစ်မည်ဟု ဒေသခံအချို့က ယူဆပြောဆိုနေကြ သော်လည်း ပျူစောထီး (ခေါ်) ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကမူ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုထား သည်။

အဆိုပါကြိုးတံတားကို ကင်းရှေ့၊ သူရဲတောင်၊ ဆေးဖြတ်ကုန်း၊ ကြက်စားပြင်၊ စော်ဖျား စသည့် အနီးအနားရှိ ကျေးရွာများက အသုံးပြုကြကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းတံတားအနီးတွင် ပျူစောထီးအဖွဲ့ဝင်နှင့် ဒလန်ဟု စွပ်စွဲခံရသူတို့ ဖမ်းဆီးပစ်ခတ် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်အချို့ ရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်က ပြည်သူ့စစ်များ စီးလာသည့် အိမ်စီးကားတစ်စီး ဆေးဖြတ်ကုန်း ရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့၏ ပြောပြချက်အရသိရသည်။