ထိုင်းသို့ တရားမဝင် ဝင်သဖြင့် ယခုလအတွင်း မြန်မာလုပ်သား ၁၇၀၀ ကျော် ဖမ်းဆီးခံရ

0
314
ပုံစာ- ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် ဖေဖော်ဝါရီ တစ်လအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၀၀ ကျော် ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၁၇၃၅ ဦး ဖမ်းမိကြောင်း ထုတ်ပြန်ချက်စာရင်းအရ သိရသည်။

ဇန်နဝါရီလအတွင်းကလည်း မြန်မာလုပ်သား တစ်ထောင်ကျော် ဖမ်းမိကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် မြန်မာအလုပ်သမား တစ်လလျှင် ၅၀၀ ဦးနီးအထိ ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တစ်လျှောက်ရှိ တောလမ်းတို့မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်ကြသဖြင့် ပရာကျွတ်ခီရီခရိုင်အတွင်းဖမ်းဆီးခံရနေခြင်း ဖြစ်သည်။

မောတောင်နယ်စပ်မှတစ်ဆင့် ထိုင်းသို့ တရားမဝင် ဝင်ရောက်သူ နေ့တိုင်းနီးပါးရှိနေကြောင်း မောတောင်ဒေသခံ အချို့က ပြောသည်။

မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုနှင့် ကိုဗစ်တတိယလှိုင်း ဖြစ်ပေါ်ပြီးနောက် အလုပ်အကိုင် ရှားပါးလာခြင်း၊ ငွေကြေး ကျပ်တည်းလာခြင်းနှင့် လုံခြုံမှု မရှိခြင်း စသည်တို့ကြောင့် ထိုင်းသို့ တရားမဝင်သွားရောက်မှုများ ရှိနေဆဲဖြစ်သည်။