ကားစီးခရီးသည်များ ကိုဗစ်ကာကွယ်ဆေးထိုးပြီး လက်မှတ်ပြရမည်၊ မပြနိုင်လျှင် ကိုဗစ်စစ်ခံရမည်

0
303
ပုံစာ-မြိတ် အဝေးပြေးကွင်းကို တွေ့ရစဥ်/Dawei Watch

မြိတ်မြို့သို့ ခရီးသည်တင်ယာဉ်များဖြင့် ဝင်ထွက် သွားလာမည့် ခရီးသည်များ ကိုဗစ်ဆေးထိုးပြီး လက်မှတ် ပြသနိုင်ရမည်ဖြစ်ပြီး မပြသနိုင်လျှင် ကိုဗစ် ရှိမရှိ စစ်ဆေးခံရမည်ဖြစ်ကြောင်း မြိတ်ခရိုင် ပုဂ္ဂလိက မော်တော်ယာဉ် ထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။

ယင်းအပြင် မြိတ်မြို့မှ တိုင်းအတွင်း မြို့နယ်များ၊ တိုင်းပြင်ပ မြို့များသို့ ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်ကြီး၊ ယာဉ်ငယ် အားလုံးတို့မှာ အားလုံးသည် တင်ဆောင်နိုင်သည့် ခရီးသည်ဦးရေ၏ ထက်ဝက်ကိုသာ တင်ဆောင်ခွင့်ပြုကြောင်း အထက်ပါကော်မတီ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိကာလတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်နေသဖြင့် တိုင်းကျန်းမာရေး ဦးစီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ညွှန်ကြားလိုက်ခြင်းဖြစ်ပြီး ယင်းနေ့တွင်ပင် စတင်ကျင့်သုံး နေပြီဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။

ကိုဗစ်ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးကြောင်း လက်မှတ်ပြသနိုင်ရမည်ဖြစ်ပြီး မပြသနိုင်လျှင် ကိုဗစ် ရှိမရှိ စစ်ဆေးပြီး ရောဂါကူးစက်ခံထားရခြင်း မရှိမှသာ စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း ကော်မတီ တာဝန်ရှိသူက ဆိုသည်။

“အရင်က ရပ်ကွက် ထောက်ခံစာကို အဓိကထားပြီးစစ်တယ်။ အခုက ဆေးလက်မှတ်က မပါမဖြစ်ပဲ” ဟု ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။

မြိတ်မြို့တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ တစ်ပတ်အတွင်း ကိုဗစ် ကူးစက်ခံရသူ ၁၉၃ ဦးရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။