မွန်တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ ၁၄၀ တွေ့

0
177

မွန်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၄၀ ဦးအထိ တွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ ကျိုက်မရောမြို့နယ်တစ်ခုတည်းတွင် ကိုဗစ်အတည်ပြုလူနာ ၄၀ ဦးအထိ တွေ့ရှိပြီး ကျိုက်ထိုတွင် ၃၆ ဦး၊ သံဖြူဇရပ်တွင် ၁၈ ဦး၊ မုဒုံတွင် ၁၄ ဦး၊ သထုံတွင် ၁၃ ဦး၊ မော်လမြိုင်တွင် ၁၀ ဦး၊ ချောင်းဆုံတွင် ခုနစ်ဦး၊ ဘီးလင်းနှင့် ပေါင်တို့တွင် တစ်ဦးစီ တွေ့ရှိခြင်းဖြစ်သည်။

ယင်းမတိုင်ခင် ဖေဖော်ဝါရီလအတွင်း ၁၄ ရက်နေ့အထိလည်း ကိုဗစ်လူနာ လေးရာကျော်တွေ့ရှိထားသဖြင့် ယခုလအတွင်း ကိုဗစ်လူနာ ငါးရာကျော်သွားပြီလည်း ဖြစ်သည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ လဆန်းပိုင်းခန့်မှစတင်ကာ ကိုဗစ်ပိုးတွေ့လူနာ ပြန်လည်တွေ့ရှိ လာပြီး ဖေဖော်ဝါရီလတွင် ကိုဗစ်ရောဂါကူးစက်မှု ဆက်တိုက်တွေ့ရှိလာသည်။

ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် ပိုးတွေ့လူနာ အရေအတွက်ထက် မြေပြင်တွင် ပိုးတွေ့လူနာ ပိုများနိုင်သည့်အပြင် သေဆုံးမှုလည်း ရှိနေကြောင်း ကိုဗစ်အရေးတွင် ကူညီနေကြသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“အိမ်မှာပဲ ကိုယ့်ဟာကိုယ် စစ်ပြီး positive ထွက်တဲ့လူတွေလည်း အများကြီးရှိနေတယ်။ မြေပြင်မှာ ပိုးတွေ့လူနာ ဒီထက်ပိုများနိုင်တယ်။ သေဆုံးလူနာတွေလည်း ရှိနေတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအနေအထားအရ မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ဆက်တိုက် ပြန်လည် တွေ့ရှိလာ နေသဖြင့် မပေါ့ဆကြရန်၊ ကျန်းမာရေးအသိရှိကြရန်၊ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များ အတိုင်း လိုက်နာနေထိုင်ကြရန် ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့သည့် ဇူလိုင်လတွင် တစ်ရက်လျှင် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော် တွေ့ရှိခဲ့သည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ အထက် ရှိခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်ခံရသူ ၁၇၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၄၀၀ ကျော် ရှိခဲ့သည်။