ထားဝယ်မြို့လယ်ခေါင်တွင် လုပ်ငန်းရှင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
301

ထားဝယ်မြို့လယ်ခေါင်ဖြစ်သော အောင်မင်္ဂလာရုပ်ရှင်ရုံအနီးတွင် လောင်းလုံးနယ်သား စီးပွားရေး လုပ်ငန်းရှင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

အဆိုပါလုပ်ငန်းရှင်သည် ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လယ်ပိုင်းက အဖြူရောင် SURF မော်တော်ယာဉ်ဖြင့် လာပြီး ရုပ်ရှင်ရုံအနီး ယာဉ်ပေါ်က အဆင်းတွင် ဆိုင်ကယ်တစ်စီးနှင့် လူနှစ်ဦးရောက်လာပြီး ပစ်ခတ် သွားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အသံက မကြမ်းဘူး။ ဖောင်းခနဲပဲ။ ကားတံခါး ပိတ်ဖွင့်လုပ်တဲ့ အသံလောက်ပဲ ကြားရတယ်။ အနားက မိန်းခလေးငယ်တစ်ဦး လန့်ပြီးပြေးလာလို့ ထွက်ကြည့်တော့ လူကပလပ်ဖောင်းပေါ်လဲကျပြီး တဆန့်ဆန့် ဖြစ်နေသေးတယ်” ဟု အထက်ပါမျက်မြင်တွေ့ရှိသူက ပြောသည်။

ယင်းပစ်ခတ်မှုကြောင့် သေဆုံးသူမှာ လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု ဝံတွင်းကျေးရွာနေ အသက် ခြောက်ဆယ်ကျော် ဝန်းကျင်အရွယ်ရှိ ဦးမင်းအောင် (ခေါ်) အောင်ဂီး ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

သူသည် ယခင်က ထားဝယ်-ကျောက်နီမော် ပြေးဆွဲသော ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးပြီး လက်ရှိတွင် ယင်းအလုပ်ကို ရပ်နားကာ လောင်းလုံးနှင့် စမ်းလှမ်းရွာတွင် ရေခဲစက် တည်ထောင်ထားသည့် လုပ်ငန်းရှင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စီးပွားရေးသမားပီပီ ဟိုဖက်ဒီဖက် ပေါင်းရသင်းရတာတော့ ရှိမှာပေါ့နော်။ ဒါပေမဲ့ သူကြောင့် ရွာမှာ ဒုက္ခ ရောက်ဖူးသူ မရှိသလို သူဖမ်းခိုင်းလို့ဆိုပြီး ဖမ်းခံရတဲ့သူလည်း မရှိခဲ့ဖူးဘူး။ လူငယ်တချို့ အဖမ်းခံရတဲ့ အခါ သူက ရပ်မိရပ်ဖအနေနဲ့ အာမခံ လိုက်ထုတ်ပေးတာမျိုးတွေတောင် ရှိဖူးတယ်” ဟု အထက်ပါ ဒေသခံက ဆက်လက်ပြောဆိုသည်။

အဆိုပါ အမျိုးသားကို မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် မည်သည့်အဖွဲ့အစည်းက ပစ်သတ်သွားသည်ကိုမူ Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။

Launglone People defence forces (LPDF) အဖွဲ့ကမူ ယခုပစ်ခတ်မှုသည် ၎င်းတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ယင်းလုပ်ရပ်ကို ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဦးမင်းအောင် (ခေါ်) အောင်ဂီး သေဆုံးချိန်တွင် ဇနီးသည်နှင့်အတူ သမီးတစ်ဦး၊ သားတစ်ဦး ကျန်ရစ်ခဲ့သည်။