နယ်စပ်က တရားမဝင်သွင်းသည့် အသားတုရောင်းလျှင် အရေးယူမည်ဟုဆို

0
411

နယ်စပ်က တရားမဝင် တင်သွင်းသည့် အသားချောင်း (ဒေသခေါ် အသားတု) ရောင်းချပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ဖေဖော်ဝါရီ ၉ ထုတ်ပြန်လိုက်သည်။

အဆိုပါ တရားမဝင် တင်သွင်းသည့် အသားချောင်းများ စားသောက်ပြီးနောက် ဘေးဥပဒ်ဖြစ်နေသည့် အတွက် မစားသုံးကြရန်၊ မရောင်းဝယ်ကြရန် တားမြစ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအသားတု (အသားချောင်း) စားသောက်မိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အစာအဆိပ်သင့်ပြီး ကလေးအချို့ ဆေးရုံတင်ထားရပြီး ကလေးငယ်တစ်ဦး သေဆုံးကြောင်း ပြည်တွင်းသတင်းဌာနအချို့တွင် ဖော်ပြထားသည်။

ထားဝယ်ဒေသတွင်လည်း ထိုင်းနိုင်ငံထုတ် အသားတု (ကိုးရီးယားတုတ်ထိုး) များကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်စားသုံးနေကြသည်။

လက်ရှိ FDA က တားမြစ်လိုက်သည့် တုတ်ထိုး (အသားချောင်း) အမှတ်တံဆိပ်မှာ ထားဝယ်ဒေသတွင် ရောင်းချနေခြင်း ရှိ မရှိ မသိရသေးပေ။