တကူနှင့် သရဘွင်ရွာတွင် တိုက်ပွဲလေးကြိမ်အတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးဟု PDF ထုတ်ပြန်

0
391

တနင်္သာရီမြို့နယ်၊ တကူနှင့် သရဘွင်ကျေးရွာအုပ်စုတို့တွင် စစ်ကောင်စီတပ်နှင့် တနင်္သာရီဘက်မလိုက် ပြောက်ကျားအဖွဲ့တို့အကြား တိုက်ပွဲလေးကြိမ်ဖြစ်ပွားကြောင်း တနင်္သာရီဘက်မလိုက်ပြောက်ကျား အဖွဲ့က ယနေ့ (ဇန်နဝါရီ ၁၂) ထုတ်ပြန်သည်။

တိုက်ပွဲလေးကြိမ်တွင် စစ်ကောင်စီဘက်ဘ တပ်သားနှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်အကြား တကူသံတိုက်လှေဆိပ်ရှိ စစ်ကောင်စီတပ်နှင့် မြစ်တစ်ဖက်ကမ်းက PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သရဘွင်ကျေးရွာအုပ်စုရှိ ကျားခေါင်းတောင်တွင်လည်း တိုက်ပွဲဖြစ်ပွားကြောင်း ရေးသားထားသည်။

ယင်းတိုက်ပွဲများအတွင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့က ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းလည်း ဖော်ပြထားသည်။

ဒေသခံများ၏ ပြောဆိုချက်အရ သရဘွင်ကျေးရွာအုပ်စုရှိ ကျားခေါင်းတောင်နှင့် တစ်ပင်တိုင် ချောင်းဝတို့ တွင် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်မှ ညနေ ၅ နာရီအထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ခတ်သံများလည်း ကြားခဲ့ရကြောင်း သိရသည်။

“ပစ်ကြခတ်ကြတဲ့ အသံတွေတော့ တစ်ညနေလုံး ကြားနေရတယ်။ ဘယ်သူတွေ ဘယ်လောက်သေတယ် မသေဘူးဆိုတာတော့ မသိရဘူး” ဟု သရဘွင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

တကူကျေးရွာအုပ်စုနှင့် သရဘွင်ကျေးရွာအုပ်စုတို့သည် တဆက်စပ်တည်းရှိနေကြသည့် ကျေးရွာများ ဖြစ်သည်။

အထက်ပါ တိုက်ပွဲများအတွင်း သေဆုံးဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဖက်က ထုတ်ပြန်ထားတာ မရှိသေးသလို Dawei Watch အနေဖြင့်လည်း သီးခြား အတည်မပြုနိုင်သေးပေ။

လက်ရှိအချိန်တွင်မူ တကူကျေးရွာ သံတိုက်ရပ်ကွက် အပါအဝင် ရပ်ကွက်အချို့နေ ပြည်သူအချို့သည် နေအိမ်များ၊ ဆိုင်များကို ပိတ်သိမ်းပြီး နီးစပ်ရာ ရပ်ကွက်နှင့် မြိတ်မြို့ဘက်သို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။