ကလုံထာရွာအနီးတွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

0
458

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလုံထာကျေးရွာအနီးတွင် ဒလန်ဟု ကျော်ဇောသတင်းရှိသူ အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဒီဇင်ဘာလ ၅ ရက် နံနက် ၉ နာရီခန့်တွင် ကလုံထာရွာအနီးက ရေနက်ဆိပ်ကမ်းလမ်းပိုင်းတစ်နေရာတွင် ဦးဘသိန်းဆိုသူ ပစ်သတ်ခံခဲ့ရပြီး ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ကလုံထာကျေးရွာဒေသခံ ဦးအောင်စိုး ဆိုသူမှာလည်း ကလုံထာရွာထိပ်တွင် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောကြားသည်။

ဦးဘသိန်းဆိုသူမှာ ကလုံထာကျေးရွာအနီး ဥယျာဉ်ခြံလာ‌လုပ်ကိုင်နေသည့် ထားဝယ်မြို့ခံတစ်ဦးဖြစ်ပြီး ရေနက်ဆိပ်ကမ်းလမ်းတွင် ကားဖြင့်သွားနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဦးဘသိန်းနှင့် ဦးအောင်စိုးတို့နှစ်ဦး စစ်ကောင်စီကို အားပေးထောက်ခံကာ ဒလန်လုပ်သဖြင့် သုတ်သင် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း DGRF (Dawei Guerrilla Revolutionary Force) အဖွဲ့က ဒီဇင်ဘာလ ၆ ရက်က ထုတ်ပြန်ထားသည်။

ကလုံထာဒေသခံ ဦးအောင်စိုးနှင့် ၎င်း၏အစ်ကိုဖြစ်သူ ဦးဆန်းမောင်တို့သည် ထားဝယ်မြို့ခံ ဦးဘသိန်း ဆိုသူနှင့် ပေါင်းပြီး ၎င်းတို့သုံးဦးပိုင် ဥယျာဉ်ခြံထဲတွင် စစ်တပ်က တပ်စွဲနိုင်အောင် ကူညီပေးခဲ့ဖူးသည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ပြောသည်။

“ရွာထဲမှာတော့ ဒီနေ့အထိ ပုံမှန်အတိုင်းပဲ ရှိနေတယ်။ စစ်တပ်က လာပြီးစစ်ဆေးတာတွေ‌ မလုပ်သေးဘူး” ဟု ဒေသခံတစ်ဦးက ယနေ့ (ဒီဇင်ဘာ ၇) နံနက် ၉ နာရီခန့်တွင် ပြောသည်။

ကလုံထာကျေးရွာအနီးရှိ တောထဲသို့ စစ်တပ်က စစ်ကြောင်းထိုးရှာဖွေခြင်းမျိုးကို ယခင်က လုပ်ခဲ့ဖူးသဖြင့် ယခုဖြစ်စဉ်တွင်လည်း ယင်းကဲ့သို့ လုပ်ဆောင်လာနိုင်သဖြင့် ဒေသခံဥယျာဉ်ခြံလုပ်သမားများက စိုးရိမ်လျှက်ရှိကြောင်း ‌ဒေသခံများက ပြောဆိုကြသည်။