သရက်ချောင်းမြို့နယ် စစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရ

0
241

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ဖြစ်သည့် စုံစင်ဖျားရွာနှင့် သဲချောင်းကြီးရွာကြားတွင် နိုဝင်ဘာ ၆ ရက် ယနေ့ နံနက် ၉ နာရီခွဲခန့်က စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ‌‌ဒေသခံရွာသားအချို့၏ ပြောပြချက်အရသိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လမ်းတစ်‌‌လျှောက် လိုက်လံပစ်ခတ်ခဲ့သဖြင့် ဥယျာဉ်ခြံအတွင်း ခြံခုတ်နေသည့် စုံစင်ဖျားရွာ ဒေသခံအမျိုးသားတစ်ဦးကို သေနတ်ကျည်ထိမှန်ခဲ့သည်ဟု ယင်းကျေးရွာမှ အမျိူးသားတစ်ဦးက ပြောသည်။

“သူတို့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ပစ်ပြီးထွက်လာတယ်၊ ကျွန်တော်တို့ စုံစင်ဖျားရွာသားတစ်ယောက် ထိမှန်တယ်လို့ ကြားရတယ်၊ ဒါနဲ့ ရငဲဆေးရုံကို အရေးပေါ်ကားနဲ့ တင်သွားတယ်” ဟု ၎င်းက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လမ်းတွင်တွေ့သည့် ရော်ဘာအစေးလှီးသူ အချို့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးခဲ့သည်ဟု အထက်ပါအမျိုးသားက ပြောသည်။

“သူတို့ လမ်းမှာတွေ့တဲ့သူတွေ အကုန်လုံးခေါ်ထုတ်လာတယ်၊ ခေါ်ထုတ်လာပြီး ကျွန်တော်တို့ရွာ စုံစင်ဖျားရဲ့ သဲချောင်းကြီးရွာလမ်းဆုံရောက်တာနဲ့ နည်းနည်းပါးပါး ပြောဆိုပြီးတာနဲ့ သူတို့ပြန်လွတ်ပေးလိုက်တယ်၊ ယောကျ်ားရှိသမျှ အကုန်လုံးထွက်ပြေးနေရတော့ ကျွန်တော်လည်း ရှောင်ပြီးသွားနေရတာပေါ့” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

“မိုင်းဆွဲတိုက်ခိုက်တာမှာ သူတို့ဘက်က ထိခိုက်မှုတော့ရှိတယ်၊ ထိခိုက်ကျဆုံးသူ ဘယ်လောက်ရှိလဲတော့ မသိဘူး” ဟု အထက်ပါအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သရက်ချောင်း၊ တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်က လမ်းပန်းဆက်သွယ်ရေးဖြတ်‌တောက်ထားပြီး ရိက္ခာသယ်ယူမှုကိုလည်း ကန့်သတ်ထားသည်။